Sunday, August 31, 2008
အမှတ်မထင်ရရှိသော အတွေးအခေါ်
ငယ်စဉ်တောင်ကြေးခလေးဘဝတုန်းကလည်း အဖွားရဲ့ ဆုံးမစကားတစ်ခွန်းကို ယခုထက်ထိမှတ်မိနေလေရဲ့။ လူတွေဟာတွေ့ဆုံချိန်ကြုံကွဲမို့လို့ ကြုံတွေ့စဉ်လေး တစ်ယောက်နဲ့တစ်ယောက် အာကာတများမထားမိအောင်၊ ကိုယ့်အပေါ်ရန်လိုလာသူများ ကိုလည်း သည်းညည်းခံဖို့မှာကြားခဲ့တဲ့ စကားလေးပဲဖြစ်ပါတယ်။ အစ်မတစ်ယောက် လိုခင်တဲ့ အစ်မရဲ့ အဖေဆုံးပါး သွားတာကိုမြင်ရပြီး အလွန်အမင်းစိတ်ဓာတ်ကျဆင်းနေတဲ့ ကောင်မလေးတစ်ယောက်ဟာ ဒီကမ္ဘာမှာ ငါတစ်ယောက်တည်း အားငယ်ပူပန်ဆင်းရဲ နေတာမဟုတ်ဘူးကိုး။ ငါပဲတစ်ယောက်တည်း အချိန်တိုင်းလိုလိုအားငယ်နေတာ သိပ်အဓိပ္ပာယ်မရှိလှဘူး၊ ငါ့ထက်အားမရှိတော့တဲ့သူတွေကို အားနာသင့်တယ်လို့ စိတ်ဓာတ်အသစ်မွေးဖွားဖို့ လမ်းစလေးတစ်ခု ကိုမြင်ယောင်လာတယ်။
ပျော့ညံ့တဲ့စိတ်ဓာတ်ဟာ ဘယ်အရာအတွက်မှ အောင်မြင်မှုကို မပေးစွမ်းနိုင်သလို ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံနေရသလိုပါပဲ ဘာအဓိပ္ပာယ်မှမရှိလှဘူး။ ပျော့ညံ့နေတဲ့စိတ်တွေကို တတ်နိုင်သလောက်ပြင်ဆင်အမှားပြင်ရင်း လောကဓံကြီးကိုကြံ့ ကြံ့ ခိုင်နိုင်အောင်ကြိုးစားရဦးမှာပါလား......
Friday, August 29, 2008
အချိန်မီ
မြေပြင်ပေါ်မှပြန်ထနိုင်အောင် သံမဏိလိုခိုင်မာနိုင်အောင်နေပူလှန်းရပေအုံးမယ်
သို့မဟုတ်လျှင် အဘယ်တစ်ရွာဆီလမ်းစရှာမရအောင် တိမ်တွေလိုမျောလွင့်စွာ
တာရှည်စွာခရီးဆက်ရင်း အဘယ်မည်သူမျှမသိရှာဘဲ ကမ္ဘာမြေပြင်တစ်ရာဝယ်
ကြေမွစွာပျက်စီးရပေတော့မည်
Wednesday, August 20, 2008
မေတ္တာစေကျွန်
အလွမ်းစေတမံ လက်ဆောင်ပါးခံခဲ့
ဖြူစင်မေတ္တာ အကြာင်းမထင်ထိပါးမြေခ
ရက်စက်အသည်း ရင်ဝယ်ပိုက်၍
နှုတ်ဝယ်စကား လွယ်စွာထွက်၏။
ဪ~~
အိုဘယ့်ဝဋ်ကြွေး ရှိလေသမျှ ရှောင်လွဲမလွတ်တမ်း
မင်းပျော်တော်ဆက် အပါးတော်ဝယ် ဖြူစင်နှလုံးစတေးခံ၍
မေတ္တာရေတံခွန် သွန်းလောင်းအပ်နှင်း မညည်းမညူ
သည်းခံစောင့်စည်း မေ့အပ်ဘဝ မေတ္တာစေကျွန်မောင်းမတော်ဝယ်
သွင်သွင်စီးကျ မိုးဖြူပမာ အညတညဘဝဖြစ်အင်ထင်ရှားသိမြင်
အိုဘယ့်ရန်ငြိုးထားလိုသော်ငြား မူလဖြူစင် အရင်းခံမေတ္တာ အံမတုလို၍ အရှုံးသာပေးအပ်သည်
သံသရာတကွေ့ ဝဋ်ကြွေးရှိသ၍ဆပ်ရလေအံ့ဟု မှတ်ယူအမျက်လျော့
ထိုဖြူစင်တန်ခိုး စွမ်းအင်ဟူသမျှ ယခုမှေးမိန်ပျောက်ကွယ်နေသော်ငြား
တစ်နေ့တန်ပြန် အကျိုးတူညီရအံ့လတ္တံ့ဟု ပြောင်းလဲဖြစ်အင် ကုသိုလ်အဖြစ်
လျစ်လျူစော်ကား အသိအမှတ်မပြု ထိုထိုမေတ္တာ ရည်ကြည်သည်ကား
မယုံကြည်အလေးမထားသူတို့၌ တန်ဖိုးအဘယ်မထင် သုညတဆိုက်သော်ငြား
အနှိုင်းမဲ့တန်ဖိုး အဘယ်ကျောက်မျတ်ရတနာပေးဝယ်မရ ထာဝရတည်မြဲ၏
ဖြူစင်မှုအားအရင်းခံ၍ ထိုမင်းထံဝယ် တန်ပြန်အဖိုးမရယူလို ရှိစေအပ်သည်
မေတ္တာစေကျွန်၏ လက်ဆောင်ပေပါတကား။
Thursday, August 14, 2008
အမေ့ထံမှရသော အနှိုင်းမဲ့မေတ္တာ
ကလေးတိုင်းဟာမသိတတ်တဲ့အရွယ်ကစပြီး သူ့တို့အမေတွေရဲ့ မေတ္တာမှာခုံမင်ကြတယ်။ ရုတ်တရက်မျက်စိအောက်က ပျေက်သွားခဲ့ရင်လည်း လိုက်ရှာတတ်တယ်။ တကယ်တော့သတ္တာဝါတိုင်းဟာ မိခင်မရှိရင်ဖြစ်လာမှာမဟုတ်လို့လေ။ ထိုသတ္တာတွေဟာ မွေးဖွားပြီးပြန်ရင်လည်း မိခင်ရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ မိခင်ထံမှအာဟာရလည်း လိုအပ်တယ်လေ။ ကမ္ဘာပေါ်မှာ အကြင်နာတတ်ဆုံး နဲ့ နွေးထွေးမှုကိုပေးနိုင်ဆုံး လူဟာလည်း မိခင်ပဲဖြစ်တယ်။ ဘုရား၊ တရား၊ သံဃာ ထံမှာ နွေးထွေးအေးချမ်းမှုကိုမရနိုင်ဘူးလို့ မဆိုလိုပါဘူး။ ရတနာသုံးပါး ဆိုတာ လူတိုင်းအတွက် အားကိုးနိုင်တဲ့ အေးချမ်းတဲ့ဓမ္မတွေကို ပေးစွမ်းတဲ့အဖိုးဖြတ်လို့မရတဲ့ ရတနာတွေပါပဲ။ မိခင်မေတ္တာဆိုတာကလည်း သတ္တဝါတိုင်းအတွက်နွေးထွေးပြီး စစ်မှန်တဲ့မေတ္တာရည်ကြည်ကို ပေးစွမ်းနိုင်တဲ့ တန်ဖိုးမဖြတ်ထိုက်တဲ့အရာပါပဲ။ မိခင်ရဲ့ မေတ္တာကို အရင်မဖွဲ့ခင် မေတ္တာဆိုတဲ့ဝေါဟာရ အဓိပ္ပါယ်ကိုပြောပြချင်ပါသေးတယ်။
အများစုဟာမေတ္တာလို့ ပြောလိုက်ပြီဆိုရင် ဖို၊ မ မေတ္တာကိုပဲမြင်ကြတယ်။ Lilly ကိုယ်တိုင်လည်း ငယ်ငယ်တုန်းက လူတွေပြောနေကြကိုတွေ့ဖူးပါတယ်။ မေတ္တာဆိုတဲ့ စကားလုံးကြားလျှင် လူတွေဟာပြုံးစိပြုံးစိနဲ့ နောက်ချင်ပြောင်ချင်လာကြတယ်။ အမှန်တော့ မေတ္တာဆိုတဲ့ စကားလုံးဟာ အလွန်ကျယ်ပြန့် မှန်းဘုန်းတော်ကြီးတစ်ပါးရဲ့တရားတော်မှာ သတ္တာဝါတိုင်း အတွက်မေတ္တာဓာတ်ပေးတဲ့အဓိပ္ပါယ်ကို နာကြားပြီးနောက်မှာသိခဲ့ရတာပါ။ အဲဒီတရားတော်ထဲမှာမေတ္တာရဲ့ တန်ခိုး အကြောင်းရှင်းပြထားချက်အရဆိုရင် ရောဂါပြင်းထန်စွာ စွဲကပ်နေတဲ့လူမမာဟာ ဘုန်းဘုန်းရဲ့ နက်ရှိုင်းတဲ့မေတ္တာပို့သမှု ကြောင့်ရောဂါပျောက်ကင်းသွားရတာတွေလည်းရှိပါတယ်။
အခုလူတွေမှာလည်း မေတ္တာအနည်း၊ အများအလိုက်တစ်ယောက်နဲ့ တစ်ယောက်ပေါင်းသင်းဆက်ဆံ နေကြတာပါပဲ။ တစ်ယောက်နှင့်တစ်ယောက် မေတ္တာလုံးဝမထားနိုင်ကြတော့ဘူးဆိုရင် လူလူချင်း မခေါ်နိုင်မပြောနိုင်ဖြစ်ကြစမြဲပင်။ သတ္တဝါတို့အပေါ်မေတ္တာထားကြပါလို့ ဆိုရာမှာလည်း လူလူချင်းသာမက တိရိစ္ဆန်တွေအပေါ်မှာ လည်း မေတ္တာထားတတ်ဖို့လိုပါတယ်။ မေတ္တာဆိုတဲ့စကားလုံးကို အတိုချုံးမယ်ဆိုရင် ကိုယ်ကသာပေးလို၍ သူတစ်ပါးထံမှပြန်လည်ရဖို့ မမျှော်ကိုးချင်း၊ အပေးသာရှိ၍ အယူမရှိခြင်း၊ တနည်း စုန်ရည်သာစီးဆင်းပေး၍ ဆန်ရည်မတတ်ခြင်း သဘောပင်။ ဖြူစင်သောမေတ္တာမှာ သူတစ်ပါး၏ ကောင်းကျိုးအတွက်သာ အာရုံပြု၍ဆုတောင်းပေးခြင်း(သို့) ကိုယ်ထိလက်ရောက် လိုက်လံဆောင်ရွက် ပေးခြင်း၊ ထိုသို့ ပြုလုပ်လိုက်မိသည့်အတွက် တန်ပြန်ကောင်းမှုအကျိုး ကျေးဇူးမမျှော်မှန်းခြင်းလို့ သဘော သက်ရောက်ပါတယ်။ အဲဒါကို ရှင်းလင်းအောင် ဥပမာပြရမယ်ဆိုရင် မိဘထဲမှ မိခင်မေတ္တာကို ထုတ်ဖော်ပြောပြလျှင် အကုန်လုံးမြင်သာမယ်လို့ထင်ပါတယ်။
လူတိုင်းမှာတော့ယခုထက်ထိ မိခင်ရှိချင်မှရှိကြလိမ့်မယ်၊ မိခင်ရဲ့ မေတ္တာကိုတော့တော်တော်များများ နားလည်ကောင်းနားလည်ကြပါလိမ့်မယ်။ Lilly အမြင်အနေနဲ့သိလိုက်ရတဲ့မခင်မေတ္တာကိုအားလုံးနဲ့ မျှဝေခံစားပြောပြချင်လို့ပါ။ Lilly မှာမောင်နှမဆိုလို့ သူများတွေလို အများကြီးမရှိပါဘူး။ အစ်မတစ်ယောက်ပဲ ရှိပါတယ်။ အစ်မတွေအများကြီးမရှိပေမယ့်လည်း အိမ်မှာကိုယ့်ထက် အကြီးတွေပဲမို့လို့ Lilly က အငယ်ဆုံးဖြစ်နေတယ်လေ။ အမေကသူ့မောင်နှမတွေထဲမှာ မိန်းကလေးထဲမှာ အကြီးဆုံးဆိုတော့ အိမ်မှာအစစအရာရာ လုပ်ရတယ်လေ။ တစ်အိမ်လုံးအဝတ်လျှော်၊ လူကြီးတွေကိုကုညီ၊ မောင်လေးထိန်း အစရှိသဖြင့်ပေါ့။ အမေကသူ ပင်ပန်းသလို မပင်ပန်းအောင် သူ့သမီးနှစ်ယောက်ကို သူ့လိုမဖြစ်စေချင်ဘူးလေ။ အမေဟာ မောင်နှမကလည်းများ၊ သမီးကြီးလည်းဖြစ်နေတော့ မိဘရဲ့ ဂရုစိုက်မှုကိုသိပ်မခံရပါဘူး။ ဒါပေမယ့် သူဟာသူများတွေအပေါ်အရမ်းဂရုစိုက်တတ်တယ်။ စိုးရိမ်ကြီးလွန်းတယ်လို့လည်းခေါ်တာပေါ့နော်။ Lilly ဆိုလည်းအဲလိုပဲလေ။ အိမ်မှာအငယ်ဆုံးလည်းဖြစ်လို့ ဘာလုပ်လုပ်စိတ်မချဘူးလေ။ ဒီကလည်း အကျင့်ပါနေပြီလေ။ ငယ်ငယ်တုန်းကဆိုပိုဆိုးသေး ဘယ်မှမသွားတတ်၊ မလာတတ် နဲ့ လူမြင်ရင်လည်း သေအောင်ကြောက်တတ်တယ်။ ကိုယ့်နဲ့ စကားပြောလေ့ရှိတဲ့သူလောက်ပဲ မကြောက်တာ။ အစစအရာရာ အမေပဲအားကိုးရတယ်လေ။ ငယ်ငယ်တုန်းကဆို အဖေ့အလုပ်ကိစ္စကြောင့် နယ်ပြောင်းရလို့ လိုက်ပြီးကျောင်းလည်းပြောင်းရတယ်။ အဲဒီကျောင်းအသစ်မှာက စစချင်းဆိုတော့ သူတို့နဲ့လုံးစရိုက်မကိုက်ညီ ဘူး။ တစ်ခုခုအနိုင်ကျင့်ခံရပြီဆိုရင် အိမ်ပြန်ရောက်ရင်အမေပဲပြန်တိုင်လေ့ရှိတယ်။ အမေကကျောင်းအထိလိုက်လာပြီး ဖြေရှင်းပေးတယ်။ ဆရာမပဲဖြစ်ဖြစ်၊ အတန်းအဖော်ကိုပဲဖြစ်ဖြစ်ပေါ့နော်။ အဲဒီကျောင်းမှာက ဘယ်သူမှအမေကိုယ်တိုင် လာမဖြေရှင်းဘူးလေ၊ တော်ရုံတန်ရုံမကြည်လို့ရန်ဖြစ်ရင်လည်း သူတို့နိုင်တဲ့စကားတွေနဲ့ ဖိတတ်တော့ သူတို့လိုပြန်ပြောဖို့လည်း သတ္တိမရှိတော့ ပြန်မပြော နားမထောင်ပုံစံနဲ့ နေပေးလိုက်တယ်။ ပြီးအိမ်ပြန်ရောက်မှ တစ်လုံးမကျန်ပြန်ပြောပြတော့ အမေကမခံနိုင်တော့ဘူးလေ။ ကိုယ့်ကြောင့်အမေ အပူအပင်များအောင်လုပ်ခဲ့မိတယ်။ ကိုယ့်ဟာကိုယ်မဖြေရှင်းနိုင်ရင်လည်း ပါးစပ်ပိတ်ခဲ့ရမယ့်ဟာကိုလေ။
အဲဒီလိုအမေဂဂုစိုက်လို့ ကျောင်းကမိန်းကလေးတော်တော်များများက Lilly ကို အရမ်းမုန်းကျတယ်လေ။ နေရာတကာအမေစွဲစွဲခေါ်လာပြီးအမေက သူတို့ကို ဆုံးမစကား သွားပြောလို့လေ။ တစ်ခါကဆို ကျောက်ပြင်ခြေမပေါ်ပြုတ်ကျလို့ လမ်းမလျှေက်နိုင်ဘူးလေ။ ကျောင်းကို စက်ဘီးနဲ့တတ်ရတာဆိုတော့ စက်ဘီးစီးပြီးကျောင်းမတတ်နိုင်ဘူး။ ကျေင်းဝန်းထဲမှာလည်းစက်ဘီးစီးခွင့်မပေးထားဘူးလေ။ အမေကအခန်းထဲအထိ စက်ဘီးနဲ့နောက်မှာတင်စီးပြီး လိုက်ပို့တာမြင်တော့ အမေကိုချွဲပြီးပဲများချင်လို့ ကိုယ်ဟာကိုယ်မလာဘူးလို့ထင်ခံရတယ်လေ။ အမေကလည်း ထားလိုက်ပါသမီးရာ၊ သူတို့ပြောတာတွေ ခေါင်းထဲမှာထားမနေပါနဲ့လို့ပြောပါတယ်။ ဒီကလည်း ကိုယ့်ဟာကို အေးဆေးနေနေတာကို လာခနဲ့ ခံရတော့ ပိုပြီးအမြင်ကပ်ခံရအောင်ဘဝင်မြင့်ပြလိုက်တာပေါ့။ နဂိုတည်းကဘု ကျတာကို ဂွနဲ့ ကလော်တော့ ဘုဂလန့်လုပ်ပေးလိုက်တာလေ။ :P
ငယ်ငယ်ကတည်းကအခုထက်ထိ ကစ္စတိုင်းအမေပဲလိုက်စီမံပေးရလို့ စိုးရိမ်စိတ်တွေ ဝင်လာတယ်။ အမေမရှိတော့ရင်ဘာဖြစ်မလဲဆိုတဲ့အပူပါ။ တခြားသူတွေ ဘယ်လောက်ကောင်းကောင်း အမေလောက် ဘယ်သူကမှဂရုစိုက်တာမခံရဘူးလို့လေ။ ကြာလာတော့ အစစအရာရာ လိုက်လုပ်ပေးမနေဖို့ ပြောလည်း မရဘူးလေ။ အမြဲတမ်းလိုက်စိုးရိမ်နေပြီး ကိုယ့်ဟာကိုယ်အေးဆေးမနေတတ်လွန်းလို့ စိတ်ညစ်ရတယ်ပါတယ်။
ဒါပေမယ့် အမေဟာချစ်သလောက်အရမ်းကို စိတ်ဓာတ်ကျအောင်ဆူပါတယ်။ အသေးအဖွားကိစ္စကအစ လိုက်ဆူတယ်။ စိုးရိမ်လွန်တဲ့အကျင့်ကလည်းပါနေတော့ အဲဒီမဆူဖို့တားလည်းမရပါဘူး။ ဒါတွေဟာလည်း စေတနာဒေါသနဲ့ပြောမှန်းလည်းသိတော့ စိတ်အရမ်းညစ်လည်းသည်းညည်းခံရတာပေါ့လေ။ ဒါပေမယ့် တစ်ခါတစ်လေ စိတ်အရမ်းညစ်နေချိန်မှာ အဆူပဲခံနေရရင် ပြန်လည်းပြောမိတယ်၊ ကိုယ်လုပ်ချင်တာလည်း လုပ်မိတယ်။ သွေးအေးသွားတော့မှ ဘာမှပြန်မပြောပဲငြိမ်ခံနေဖို့ တင်းထားရက်နဲ့ ပြောမိသွားလို့ စိတ်မကောင်းဖြစ်မိတယ်။ ကျန်းမာရေးမှာလည်းအဲလိုပဲ သူဟာသူကျတော့ဂရုမစိုက်ပဲ သူများကိုလိုက်ပူနေတယ် လေ။ Lilly ကလည်း ပူချင်စရာကောင်းအောင် ခဏခဏချူချာပြနေတော့ ခက်တော့တာပေါ့။ ဒီကလည်းမိဘကိုကူညီ ရမှာကို မိဘကပြန်ကူညီနေတော့ ကိုယ်ဟာကိုအသုံးမကျတဲ့သူ လိုပဲမြင်လာတယ်။
လူတိုင်းလိုလိုမှာလည်းဒီလိုမိဘတွေရှိနေမှာပေါ့နော်။ အခုဒီစာလာဖတ်တဲ့သူတွေမှာလည်း ကိုယ်ကမကူညီနိုင်ပဲ မိဘရဲ့ အကူအညီပဲ ယူနေရရင်စိတ်ညစ်မိလားမသိဘူးနော်။ မိဘရှိတုန်းကျေးဇူးဆပ်တဲ့ သေမှာငိုပြီးနောင်တမရနဲ့လို့ သင်ခန်းစာတွေထဲမှာပါဖူးတယ်။ ဆရာ၊ ဆရာမတွေလည်းဆုံးမဖူးတယ်။ အဲဒါကိုမှတ်သားဖို့ စာမေးပွဲစာစီစာကုံးထဲမှာလည်း အဲဒီအကြောင်းကိုရေးသားဖော်ပြဖူးတယ်။ ဒါပေမယ့်လည်း အဲဒီဆုံးမစာတန်းကိုအခုထက်ထိမကျေပွန်နိုင်သေးလို့ စိတ်ဓာတ်တောင်ကျလာတယ်။
ဘာပဲပြောပြောဘယ်ကိစ္စမဆိုကိုယ့်ဘက်ကအကောင်းဆုံးဖြစ်အောင်လုပ်ရမှာပေါ့နော်။ ပျက်အစဉ်ပြင်ခဏ ဆိုသလိုပဲ အရာအားလုံးဟာ ပြင်လိုက်ရင်အကုန်ကောင်းသွားနိုင်တာကို မပြုပြင်ဘဲ ဖြစ်ပြီးသမျှတွေကို နောင်တပဲရနေမယ်ဆိုရင် ဘာမှအကျိုးထူးလာမှာ မဟုတ်ပါဘူးလေ။ အတိတ်ကိုပြန်မတွေးဘဲ ပစ္စုပ္ပန်တည့်တည့်ပဲကြည့်ပြီး ကောင်းအောင် နေသွားနိုင်မယ်ဆိုရင် ပြီးပြည့်စုံစိတ်တိုင်းမကျရင်တောင်မှ စိတ်ဖြေသိမ့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
မိခင်မေတ္တာကို အလဟသက်မဖြုန်းတီးပစ်တန်ဖိုးထားနားလည်တတ်ဖို့ ကိုယ်ကိုယ်တိုင်သာမက တစ်တိုင်းပြည်လုံးမှာရှိကြတဲ့ သတ္တာဝါအားလုံးတို့အား မေတ္တာပို့ပေးလိုက်ပါတယ်ရှင် :-)
Friday, August 1, 2008
Tuesday, July 29, 2008
ည၏ရင်ခုန်သံ
ကျွန်မသည်တောရွာလေးတစ်မြို့မှ ရန်ကုန်မြို့ရှိဦးလေထံသို့အလည်လာခဲ့လေသည်။ ရန်ကုန်မှာဆွေမျိုးဆိုလို့ ဒီဦးလေးပဲရှိတာလေ။ ဦးလေးကလည်းသဘောလည်းကောင်းတယ်၊ သူ့မှာသားသမီးလည်း မရှိဆိုတော့ကျွန်မကိုသမီးအရင်းလိုပဲ ချစ်ရှာတယ်လေ။ သူ့အိမ်မှာလည်း ဆွေမျိုးအရင်းအချာဆိုလို့ ကျွန်မအပြင်သူ့အဒေါ်တစ်ယောက်ပဲရှိတာ။ ကျန်တာက ဟင်းချက်တဲ့အဒေါ်ကြီး နဲ့ ကားမောင်းသမားဦးလေးကြီး ဒီလောက်ပါပဲ။ ဦးလေးအမျိုးသမီးကလည်း ပြီးခဲ့တဲ့နှစ်ဆောင်းဦးပိုင်းလောက်မှာ
ဆုံးသွားရှာတော့ ဦးလေးခမျာတစ်ကိုယ်တည်းအထီးကျန်ပြီး တစ်နှစ်ပတ်လုံး သူ့စီးပွားရေးကိုပဲ အာရုံစိုက်ပြီးဇောက်ချလုပ်ခဲ့တယ်။ ဦးလေးရုံးသွားရင် အဒေါ်(ကျွန်မရဲ့အဖွား) နဲ့အဖော်ပြုပြီးကျန်ရစ်ခဲ့တယ်လေ။ ကျွန်မအတွက်လည်း ဘယ်သူမှသိပ်အ၀င်အထွက်မရှိတဲ့ အခန်းလေးတစ်ခန်းမှာ နေထိုင်စေတယ်။ အဲဒီအခန်းလေးကလည်း နေ့လည်နေ့ခင်းဆို တော်တော်ဝင်လေထွက်ကောင်းတယ်လေ။ နေ့လည်ဘက်ဆိုစာအုပ်လေးဘက်ရင်း စိတ်ကူးရင်လို့ကောင်းမယ့် နေရာလေးလိုဖြစ်နေတာပေါ့။
ဒါပေမယ့်အဲဒီအခန်းလေးဟာ နေ့ဘက်စိတ်ကူးးယာဉ်ကမ္ဘာလေးဖြစ်ပေမယ့် ညဘက်ဆိုရင်ခုန်ဖွယ် ကမ္ဘာလေးဖြစ်နေပြန်တယ်။ ကျွန်မအိပ်ယာရဲ့ မလှမ်းမကမ်းအကွာမှာ အံဆွဲပါစာအုပ်တင်စားပွဲလေးတစ်လုံး ထားထားတယ်။ တစ်ရေးနိုးအသံဗလံကြားလို့ နားစွင့်မိတိုင်း စားပွဲလေးရဲ့တစ်နေရာကိုခေါက်နေတဲ့အသံ ညတိုင်းကြားရတယ်။ အစကတော့ အိမ်မြောင်တို့ ပိုးကောင်တို့ပဲနေမှာပဲဆိုပြီး အမှတ်မထားပဲနေမိခဲ့တယ်။
နေ့အတော်ကြာလာတာနဲ့အဲဒီအသံဟာပိုပိုအရှိန်ပြင်းလာတယ်။ အိပ်မရတဲ့ညတွေလည်း နေ့စဉ်ရက်ဆက် လာတော့ အဖွားကိုပြောတော့လည်း “သမီးရယ် ဒီအခန်းလေးက အတော်သန့်ရှင်းပါတယ်၊ လေ၀င်လေထွက်လည်း ကောင်းတယ်၊ ပြီးတော့ ဘယ်သူမှ လာမအိပ်ဖူးဘူး။ ဒီအခန်းကိုစာကြည့်တိုက်အနေနဲ့ အလှထားတဲ့အခန်းသမီးရဲ့။ တခြားဘာအနှောက်အယှက်မှမရှိပါဘူး၊ ကြွက် တို့ ပိုးဟက် လိုအကောင်တွေ သောင်းကျန်းတာနေမှာပါ” လို့ပြောပြီး စိတ်ဖျေသိမ့်ပေးပြီးအိပ်ပျော်အောင် အိပ်ခိုင်းတယ်။
ညတိုင်းဟာမူမမှန်တော့ပဲ တစ်ယောက်တည်းစိတ်ချောက်ချားလာတယ်။ ရွာပြန်ချင်စိတ်တောင် ပေါက်လာတော့တယ်။ နေတာလည်းသိပ်မကြာသေးလှတော့ ဦးလေးကဘာကြောင့်ပြန်ချင်တာလည်းမေးရင် အဖြစ်မှန်ပြောပြန်ရင်လည်း ဦးလေးစိတ်မကောင်းဖြစ်ရမယ်၊ အဖွားရဲ့သင်ခန်းစာကိုလည်း ငြိမ်ပြီးနားထောင်ရ အုံးမယ်။ ဒီလိုနဲ့ဘဲမပြန်ဘဲ ဇွတ်မှိတ်အိပ်ခဲ့တယ်။
ညအိပ်မရတဲ့ရက်တွေများလာတော့ တစ်ရက် ညနေစာထမင်းစားပြီး၆:၃၀ လောက်မှိန်းခနဲအိပ်ပျော်သွားတယ်။ ဘယ်လောက်တောင်အိပ်ပျော်သွားမှန်းမသိဘူး၊ တစ်ရေးနိုးတော့ ညဥ့်သန်းခေါင်နှစ်နာရီကျော်နေပြီ။ ရုတ်တရက်သတိရပြီး စားပွဲခုံကို လှမ်းကြည့်လိုက်တော့ အသက်၃၀အရွယ် မျက်နှာစိမ်းအမျိုးသမီးတစ်ယောက် စားပွဲနားမှာနေပြီး ကျွန်မကိုရပ်ကြည့်နေတာတွေ့လိုက်ရတယ်။
အဲဒီအမျိုးသမီးဟာကျွန်မအနားကို တဖြည်းဖြည်းနီးကပ်လာပြီး တစ်ခုခုလုပ်မယ် ပြင်တယ်။ ကျွန်မကလည်း ဘာအငြိုးရှိလို့ဒုကပေးချင်ရတာလဲလို့မေးတော့ ဒုက္ခပေးချင်လို့မဟုတ်ပါဘူး၊ သူ့ကိုတစ်ခုကူညီပါတဲ့။ ဘာကိုကူညီရမှာလည်းမေးတော့ ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ တစ်လုံးတစ်လေမှမပြောမိစေဖို့မှာတယ်။ ကျွန်မလည်း ရှင်သာနောက်ထပ်မနှောက်ယှက်တော့ဘူးဆိုရင် မပြောတော့ဘူးလို့ ကတိပေးလိုက်တယ်။
“ကျွန်မဟာဒီအိမ်ပိုင်ရှင်ရဲ့ အမျိုးသမီးပါ၊ ပြီးခဲ့တဲ့ဆောင်းရာသီနှစ်ဦးပိုင်းက ခရီးကအပြန်ကားတိုက်မိလို့ ဆုံးသွားတာပါ။ ဒီစားပွဲအံဆွဲထဲမှာ စာတစ်စောင်ရှိတယ်၊ အဲဒါ ကျွန်မလက်မထက်ခင် အချစ်ဦးပေးထားတဲ့စာပါ။ မပြစ်ရက်လို့သိမ်းထားတာ ကျွန်မသေသွား တဲ့အထိပါပဲ။ အဲဒီစာအတွက်အခုစိတ်မအေးဖြစ်နေရပါတယ်။ ဒီအခန်းမှာ မသိအောင်ဝှက်ထားခဲ့တာ၊ ဒီစာအတွက်နဲ့ပဲဒီကမခွာနိုင်ဖြစ်နေရပါပြီ၊ အဲဒီစာကို ကျွန်မရှေ့တင် မီးရှို့ပေးပါ၊ ပြီးရင်ဒီအိမ်ကနေအပြီးအပိုင်ထွက်ခွာသွားတော့မယ် “ လို့တောင်းပန်တယ်။
အဲဒါနဲ့အံဆွဲကိုဖွင့်လိုက်တော့ အဲဒီအမျိုးသမီးဓာတ်ပုံကပ်ထားတဲ့ ဒိုင်ယာယီ စာအုပ်တွေ့တယ်။ အဲဒီစာအုပ်ကိုလှန်လှောလိုက်တော့ ပန်းနုရောင်စာအိတ်လေး တစ်အိတ်တွေ့တယ်။ ဒီစာလားလို့မေးတော့ ခေါင်းငြိမ့်ပြတယ်။ သူ့ရှေ့တင်ပဲ မီးရှို့ပေးလိုက်တယ်။ မီးရှို့ပြီးနောက်မှာတော့ ကျေးဇူးတင်ပါတယ်လို့ ပြောပြီးပျောက်ကွယ်သွားတော့တယ်။ နောက်နေ့ညဆိုလည်းဘာအသံဗလံမှ မကြားရတော့ပဲ ကောင်းမွန်စွာ အိပ်စက်နိုင်တော့တယ်။
မှတ်ချက်။ ။ (Lilly ကိုးတန်းတုန်းက အင်္ဂလိပ်စာမှာ ဝတ္ထုနဲ့ပတ်သတ်ပြီးသင်ရတယ်။ အဲဒီတော့ဆရာမက သင်ခန်းစာနဲ့ကိုက်ညီအောင်ဆိုပြီး တစ်ယောက်ကိုဝတ္ထုတစ်ပုဒ်ဆီ ရေးခိုင်းတယ်။ အဲဒီဝတ္ထုကလည်း အစပိုင်းအဆင်မပြေဖြစ်ပြီးမှ နောက်ပိုင်းပြေလည်သွားမယ့် ဇာတ်လမ်းမျိုးလေ။ အဲဒါနဲ့ ဝတ္ထုတစ်ပုဒ်ရအောင်ဖတ်ပြီိး အဲဒီဝတ္ထုကိုရေးပြီးတင်လိုက်တယ်။ အဲဒီဝတ္ထုကို ဝိုင်းထဲကသူငယ်ချင်းတွေအပြင် ကျောင်းကသူ့အတန်းထဲက တပည့်တွေ အားလုံးကိုလည်း ဖတ်ပြတယ်။ အဲဒီဇာတ်လမ်းက အပေါ်က ဇာတ်လမ်းလိုမျိုးလေ။ ကိုယ့်ဟာကိုယ် ဇာတ်လမ်းပြန်ရေးပြီးတင်ထားတာ။ အဲဒီဇာတ်လမ်းကို သဘောတရားပဲ မှတ်မိတယ်။ ဇာတ်ကောင်နဲ့ သူတို့အပြုအမူတွေလလုံးဝမေ့သွားပြီ။ ဆရာမက သူ့အတန်းထဲမှာဖတ်ပြတုန်း အဒေါ် ကြားသွားတယ်။ အဒေါ်ကလည်းဆရာမပဲလေ။ အိမ်ရောက်တော့ပြန်ပြောပြတာပေါ့။ ဇာတ်သိမ်းပိုင်းလဲပြီးရော သူတို့တွေအကုန်အသည်းယားပြီးသက်ပြင်းတွေချကုန်တယ်လေ။ သူတို့က သရဲဆိုပြီးစိတ်ဝင်တစားနားထောင် နေတာလေ။ ပြီးတော့ဘာမှရင်မခုန်ရတော့လို့ ဟင်းဆိုပြီးသက်ပြင်းချ ကုန်တာ။ တော်သေးတာပေါ့။ ဘယ်သူတင်လဲမသိလို့နော်။ သိများသိရင်အခန်းရှေ့လာပြီး ခဲနဲ့လာပေါက်ရင်ဒုက္ခ :P
Sunday, July 27, 2008
မှတ်တမ်း
စားရေးသူကတော့ ၇ ယောက်ပါဝင်တဲ့အဖွဲ့မှာထိုင်ဖြစ်သွားပါတယ်။ အဲဒီ စားသောက်ဆိုင်ရဲ့ အမှတ်တရ Buffet ဖြစ်စဉ်လေးကို ရင်ဖွင့်ပြချင်ပါသေးတယ်။ သူတို့ဆိုင်မှာ Buffet စားမယ်ဆို ၂:၃၀ အထိကိုယ့်ကြိုက်သလောက် နာရီမပြည့်မချင်းမှာစားနိုင်ပါတယ်။ အဲဒီလိုမှာတဲ့အတွက်လည်း Bill ပိုမတတ်ပါဘူး။ ကိုယ်နိုင်တဲ့အခြေအနေရောက်တဲ့အထိစားသောက်နိုင်ကြပါတယ် လို့ မသွားခင်ဖုန်းနဲ့ မေးမြန်းပြီးမှသွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ တကယ်လည်းအချိန်ပြည့်တဲ့အထိသုံးဆောင်ခဲ့ကြတာပါပဲ။ နောက်ပြီးသူတို့ဆီမှာ အဖွဲ့တူတဲ့ စားပွဲနှစ်ခုကွဲနေရင်လည်း ဟင်းတွေကိုတူညီစွာပဲ ချပေးပါတယ်။ ဥပမာ-စားပွဲနံပါတ် ၇ ကိုချရင် ၈ ကိုလည်း တစ်ပုံစံတည်းချပေးတာပဲ ဖြစ်ပါတယ်။ စားပွဲနံပါတ် ၈က မှာရင်တော့ ၇ ကို မချပေးပါဘူး။ ဒါပေမယ့် သူတို့ကဦးစွာမေးပါတယ်။ စားပွဲနှစ်ခုက ပူးတွဲမှာလား မပူးတွဲဖူးလားပေါ့။ “ ဟင့်အင်း၊ ပူးတွဲမမှာဘူး၊ သီးသန့်စီခွဲမှာမယ်” လို့ ၀ိုင်းထဲမှ ၃၊ ၄ ယောက်လောက်ဝိုင်းဝန်းဖြေခဲ့ကြပါတယ်။ သူတို့ကလည်း သုံးခါလောက်သေချာအောင် မေးမြန်းပြီး စားရွက်ပေါ်မှာ မှတ်သားတော့မယ့်ပုံစံနဲ့ အသေအချာ confirm လုပ်သွားကြပါတယ်။ အဲဒီအချိန်မှာဝန်ထမ်းက သုံးယောက်လောက်ရှိနေခဲ့ပါတယ်။
အစားအစားမှတ်တမ်းများကိုမှာလဲမှာရော သူတို့လာချပေးမယ့် အစားအစာကိုပဲအရင်သုံးဆောင်ရမယ်လို့ပြောပါတယ်။ အရင်တုန်းက Hotel မပြောလေနှင့် ရိုးရိုး ဆိုင်တွေမှာသွားစားမယ်ဆိုရင်တောင်ကိုယ့်စားမည့်ဟာပဲမှာကြားခွင့်ရှိပါတယ်။ အဲဒီကြောင့် ဘာလို့ကိုယ်ကြိုက်တာ မှာခွင့်မရှိလဲဟု မေးကြည့်တဲ့အခါ သူတို့ရဲ့မန်နေဂျာကိုယ်တိုင်လာရောက်ရှင်းပြခဲ့ပါတယ်။ “ကျွန်တော်တို့စားသောက်ဆိုင်မှာ ကျွန်တော်တို့ ချမယ့်အစားအစာတွေ အရင်ကုန်အောင်ချပြီးနောက်မှ မိမိကြိုက်တဲ့အစားအစာကိုမှာယူနိုင်ကြပါတယ်၊ ကျွန်တော်တို့အကောင်းဆုံးစီမံပြီး ချပေးပါ့မယ်၊ မစားမယ့်အသားကိုလည်းကြိုပြောထားလို့ရပါတယ်၊ အဲဒါကလွဲပြီး ကျန်တဲ့စာရင်းတွေကုန်အောင်ချပြီးတဲ့အထိစောင့်ဆိုင်း ရပါမယ်” လို့ပြောပါတယ်။ ဒီဘက် ၇ ယောက်အဖွဲ့က “အမဲသားမစားဘူး” လို့တစ်ပြိုင်တည်းဖြေခဲ့ကြပါတယ်။ မန်နေဂျာလည်း အသေအချာမှတ်ပြီး “ဟုတ်ကဲ့၊ ကောင်းပါပြီ” ဆိုပြီးပြန်ထွက်သွားပါတယ်။ အဲဒါနဲ့အားလုံးမှာချင်တဲ့ဟာကို ကိုယ့်ဟာကိုယ်မှတ်ထားပြီး နောက်မှမှာယူဖို့ စိတ်ရှည်ရှည်နဲ့ သူတို့ချလာပေးသမျှကုန်အောင်စားရင်း စောင့်စားခဲ့ကြပါတယ်။ သူတို့သတ်မှတ်ထားတဲ့ အစားအစားတွေစုံလင်အောင်ချပေးခဲ့ပါတယ်။ ပထမအခေါက် (First Round) ချပေးပြီးနောက်မှာ ထပ်မစားနိုင်တော့လို့ ခဏအနား(Break Time) ယူရပါတယ်။ ပြီးတော့မှာရတော့မှာလားမသိဘူးဆိုပြီးစောင့်ဆိုင်းနေခဲ့ကြတယ်။ ခဏအကြာမှာတော့ ခုနကစားထားတဲ့ ဟင်းတော်တော်များများ ဒုတိယအကြိမ် (Second Round) ရောက်လာပြန်ပါတယ်။ “ချပေးမယ့်ဟင်းတွေကလည်း မပြီးသေးဘူးလား မသိဘူး၊ ထပ်နေပြီ။ ဒီမှာ ဗိုက်တင်းနေပြီ” ဆိုပြီးစိတ်မရှည်ဖြစ်လာကြတော့တယ်။
စားရေးသူကိုယ်တိုင်က ပြီးရင်မှာမယ့်ဟင်းတစ်ပွဲကို နာမည်အလွတ်မှတ်ထားလိုက်တယ်။ ခွင့်ပြုရင်မှာမလို့အဆင်သင့်ပြင်ထားတာလေ။ ဟင်းတွေက ထပ်မမှာပဲတစ်ပွဲပြီးတစ်ပွဲလာလာချပေးနေကြပါတယ်။ ချပေးတဲ့ဟင်းတွေကလည်း မကုန်နိုင်တော့ဘူး၊ စားလည်းမစားချင် ကြတော့ဘူး။ အားလုံးမစားပါဘူးလို့ပြောခဲ့တဲ့ အမဲသားကိုလည်း ပန်းကန်လိုက် ပြည့်ပြည့်မောက်မောက် လာချပေးထားပါတယ်။ နောက်မစားချင်တဲ့ဟင်းတစ်ပွဲဖြစ်တဲ့ ပုစွန်ကို ကော်ပြန့်ထဲထည့်ပြီးကြော်ထားတဲ့ “ပုစွန်ကော်ပြန့်ကြော်လည်း” ပထမတစ်ပွဲတောင်အနိုင်နိုင် စားထားကြတာ နောက်တစ်ပွဲလာချပေးထားသေးလေရဲ့။ နောက်ဆုံးမှတရားခံပေါ်တော့တာ။ သူတို့က မမှာပဲနဲ့ ချပြီးသမျှပြန်ပြန် လာချနေတာဘာကြောင့်ပါလဲမှတ်ရင် ဟိုဖက်ဝိုင်းကမှာလေသမျှအကုန် ဒီဖက်ဝိုင်းကိုလည်း တူညီစွာလာချပေးနေတာလေ။
ခုနကမန်နေဂျာကြီး ဒုတိယတစ်ကြိမ် ကြွမြန်းပြီးလာရှင်းတာလေ။ ပြီးတော့ သတိပေးချက် (warning) တွေနဲ့ချိုချိုသာသာလေး အပြစ်တင်သွားလေရဲ့။ “ဒါဒီHotel မို့လို့နော်။ ကျွန်တော်တို့ဒါလျော့ပေးထားတာ၊ အမှန်ဆိုဒီဟင်းတွေအကုန်ကုန်အောင်မစားနိုင်ရင် နှစ်ဆ(double charges) အလျော်ပေးရတယ်” တဲ့။ သူပြောတဲ့အဓိပ္ပါယ်က ကိုယ်ဟာကိုယ်လောဘကြီးပြီးမှာပြီး မစားနိုင်ပဲဒီအတိုင်း ထားခဲ့ရင် သူတို့လည်းနောက်လူတွေစားဖို့ပြန်သုံးလို့မရ၊ ဖြန်းပစ်ရာကြလို့ ဒဏ်ပေးတဲ့အနေ နဲ့ (double charges) ကောက်တယ်ဆိုတဲ့သဘောပါ။ သူပြောသလို ကိုယ်ဟာကိုယ်မှာပြီးမစားနိုင်ရင် ဒီလိုပြောခံရတာလက်ခံနိုင်ပါသေးတယ်။ အခုဟာက အလားကားနေရင်း မကြည်တဲ့မျက်လုံးတွေနဲ့ အခြောက်တိုက်ပြောခံလိုက်ရတယ်လေ။ “ဒါဆိုရင် ဟိုဖက်ကမှာတဲ့ဟင်းတွေကို ဒီဘက်ဝိုင်းကို မချဖို့ရယ် အမဲသားမချဖို့ရယ် ကြိုပြောထားရဲ့ နဲ့ဘာလို့လာချလဲ” လို့ဝိုင်းပြောတော့ “ကဲကဲ၊ မစားဟင်းတွေပြော၊ လာသိမ်းလိုက်ဦး” ဆိုပြီး သူ့လူတွေကိုမှာတယ်။ အမဲသား နဲ့ ကော်ပြန့်က လုံးဝကိုထိမထားတော့ ပြန်သိမ်းခိုင်းလိုက်တယ်။ ကျန်တာတွေက မကုန်ကုန်အောင်စားနေရတော့ တ၀က်ကျော်ကျော်လောက် ကျန်သေးတော့ ပြန်သိမ်းရလဲခက်၊ စားမကုန်ပဲဒီအတိုင်းထားလိုက်တယ်လေ။ ပြီးမှ စားချင်တဲ့ဟင်းတစ်ပွဲနဲ့ အသီးအနှံမှာလိုက်တယ်လေ။ ဟင်းကတော့လုံလောက်အောင်ချပေးပါတယ်။ အသီးအနှံကိုတော့ အနည်းငယ်ပဲချပေးပါတယ်။ အဲဒါနဲ့ ၂း၃၀ ရောက်တော့အားလုံးကစားကွင်းသွားဖို့ ပြန်ထွက်ကြပါတယ်။ ခက်တာကအထွက်မှာ မကြားချင်တဲ့စာကားတစ်ခုထပ်ကြားလိုက်ရလို့လေ။ အဖွဲ့ထဲက တခြားသူတွေမကြားလိုက်လို့ သိအောင်လိုက်ပြောရသေးတယ်။ မိန်းမကြီး တစ်ယောက် က double ချက်မကောက်လိုက်ရလို့မကျေနပ်ပြောကျန်ခဲ့တဲ့အသံလေ။
အခုဆိုစကားလုံးအသစ်တိုးလာပြီလေ။ “double charge” တဲ့။ သူငယ်ချင်း အချင်းချင်းနောက်ပြောင်လို့လဲရ တယ်လေ။ အဲဒီမှာ စားရင်း အချင်းချင်းနောက်ခဲ့ကြသေးတယ်။ သူတို့အချဉ်ထည့်စားဖို့ ချပေးထားတဲ့ ပန်းကန်ငယ်လေးတွေထဲက ငရုတ်သီးထည့်ထားတဲ့ ပန်းကန်ကိုပြပြီး “ ဟေ့၊ အဲဒီငရုတ်သီးတွေ ကုန်အောင်မစားရင်” “double charge” ၊ ဖန်ခွက်ထဲကသောက်ရေတွေကျန်ခဲ့ရင်လည်း “double charge” ဆိုပြီးတော့လေ (အလိုရှိသလိုသုံးကြပေါ့နော်) :P
စာဖတ်တဲ့သူတွေက နံပါတ် ၈ ၀ိုင်းကသူတွေကစိတ်ကြီးတယ်၊ ဆိုးတယ်ဆိုပြီး ကောက်ချက်ချလည်းချပေါ့နော်။ မကျေနပ်ပဲပြန်ခဲ့ရတာ တော့အမှန်ပဲ။
အဲဒီစားသောက်ဆိုင်ကအပြန် ဆော့မယ်ဆိုပြီး “Utopia” ကိုလည်လည်ထွက်ခဲ့ကြပါတယ်။ စားရေးသူက အဲဒီမှာတော့ဘာဆိုဘာမှမဆော့ ခဲ့ပါဘူး။ စုံလည်းမစုံဘူးလေ။ ဒါပေမယ့် “Melody World” ဆိုတဲ့ “Karaoke” ခန်းလေးမှာ သီချင်းလေးညည်းတာမဟုတ်ဘူးနော်။ ဆိုတာလည်းမဟုတ်ဘူး။ တခါမှမလုပ်ဖူးတဲ့ အသံကုန်သီချင်းအော်ဆိုခဲ့တာပါ။ အစကတော့ လေးယောက်ပေါင်းအော်ကြတာ။ နောက်တော့ ခြောက်ယောက်ဖြစ်သွားရော။ အရင်တုန်းက “Karaoke”ဆိုရင်ကောင်းကောင်းဆိုပါတယ်။ အခုဟာက သီချင်းဆိုဖို့ ထွက်လာတာမှ မဟုတ်တာ။ ဆော့ကြဖို့လေ။ ဆော့စရာဘာမှလည်းမရှိတော့ ဆိုတဲ့ဘက်ရောက် သွားတာ။
အဲဒီအခန်းရဲ့အနောက်ကျောဘက်မှာမှန်အကြည်အလုံပိတ်ထားတဲ့အခန်းငယ်တစ်ခုရှိတယ်။ အဲဒီအခန်းထဲမှာယောကျာ်းလေးတွေစက်ကိုင် တွယ် (control) လုပ်တဲ့အခန်းလို့မှတ်ယူရတယ်။
ပထမတော့လေးရောက် အပြတ်အော်ကြမယ်ဆိုပြီးဝင်သွားကြတယ်။ မဆိုခင်အပြင်မှာ ဆိုမယ့်သီးချင်းကို စာရင်းကြိုပေးရတယ်လေ။ အစကတည်းကဆိုဖို့လာတယ်ဆိုတဲ့ရည်ရွယ်ချက်မရှိလို့ သီးချင်းအေးအေးလေးတွေလုံးဝမရွေးပဲ မြူးကြွနေတဲ့သီချင်းတွေပဲပေးလိုက် တယ်လေ။ ဒါတောင်မှ မနည်းစဉ်းစားပေးရတယ်၊ သူချင်းနာမည်တွေမမှတ်မိလို့၊ အကုန်လုံးရတယ့်ဆိုမှ စာရင်းပေးတာလေ။ ဒါမှ သြော်လို့ကောင်းမှာကိုး။ သြော် ဒါနဲ့ပြောဖို့ကျန်ခဲ့တယ်။ ၁၅ ယောက်ဆိုတာ အကုန်လုံးကမိန်းကလေးတွေပဲလေ။ ယောကျာ်းလေးဆိုလို့ ရှားရှားပါးပါးတစ်ယောက်ပဲ။ သူက ဆိုဖို့ လုံးဝလိုက်မလာပါဘူး။
ဒီလေးယောက်ရဲ့ပထမဦးဆုံးလက်ရွေးစဉ်တေးကဘာလို့မှတ်လဲ။ ကော်နီသီချင်းလေ။ သိကြပါတယ် အကုန်လုံး။ “ကိုကိုချစ်” တဲ့။
ဘာရယ်မဟုတ်ပါဘူး။ အော်လို့ကောင်းမယ့်တီးလုံးမြူးတဲ့ သီချင်းတွေပဲဆိုဆိုခဲ့တာပါ။ အားရပါးရ မတ်တပ်ရပ်ပြီး လေးယောက်ပေါင်းအော်ကြ တာလေ(ကော်နီသီချင်းကို)
ဟီး.. စောစောကပြောပါကောလား။ ကျောဘက်မှာ စက်တွေကိုင်တွယ်တဲ့အစ်ကိုကြီးတွေကအနောက်ကနေ မတ်တပ်ရပ်ကြည့်ပြီး ရီနေကြပါလေရဲ့။ သူတို့ကိုစောင်းဆိုတယ်များအောက်မေ့နေကြလားမသိဘူး။ ဟင်း………….
နောက်လည်းလှည့်တော့ သူတို့နဲ့ပတ်ပင်းတိုးတာလေ။ ဆိုရင်းတန်းလန်းနဲ့ အကုန်လုံးထိုင်ချလိုက်ရတယ်။
ဒီတစ်ခါပဲဒီလိုဆိုဖူးတဲ့ဟာ။ နောက်ဆိုအရင်လိုပဲကျောက်ရုပ်ပြန်နေတော့မှာကို ဒီနေ့ပဲ အော်မယ့်အဖော်ရှိတုန်း အော်ဆိုရတာကို သူတို့ကြောင့် အခွင့်အရေးမဆုံးစေဘူး ဆိုပြီးပြန်မတ်တပ်ရပ်ပြီးဆိုကြတယ်။ အခန်းထဲက ပြောတာတွေ သူတို့အကုန်ကြားမယ်လို့ထင်တယ်။ အကုန်လုံးမတွေ့ရတော့ဘူး၊ လူရှင်းသွားပြီး တစ်ယောက်ပဲသူ့ computer ကိုခပ်တည်တည်နဲ့ထိုင်နှိပ်နေတာတွေ့ရတယ်။
အင်း..ဒီလိုပဲဖြစ်ရမှာပေါ့။
အသံတွေဝင်ပြီး နောက်ဆော့မယ့်တစ်နေရာကိုထွက်ခွာကြတယ်။အဲဒီမှာတော့ မူးပေ့၊ ကြမ်းပေ့ဆိုတဲ့ အရာတွေပဲစီးခဲ့တယ်။ ပင်လယ်ဓားမြ၊ ရိုလာကိုစတာ၊ မိုးပျံရထား နဲ့ တိုက်ကားတွေလေ။ အဲဒီထဲမှာ ရိုလာကိုစတာသွားတဲ့အသံကအရမ်းကြမ်းတယ်၊ နဲနဲတော့လန့်သွားတယ်။ ကောင်မလေးတစ်ယောက်တောင် ဒါစီးပြီးငိုသွားလေရဲ့ ။ သီချင်းဆိုတုန်းကတော့ ဒီလိုပုံလား ဆိုပြီး ဆိုခဲ့တဲ့ခေါင်းစဉ်တွေပြန်ရွတ်ပြီးစရသေးတယ်။
ဟိတ်..လာဖတ်ပြီးရီမနေနဲ့ဦး ကရော်ကရော်
ဒါနဲ့ဘယ်သူလဲမသိဘူး၊ ပင်လယ်ဓားမြစီးပြီး ဆင်းမယ်ဆင်းမယ်နဲ့ ဆင်းမရလို့ အရှေ့ကသူကို ကယောင်ကတမ်းနဲ့လည်ပင်းထညှစ်တဲ့သူလည်း ရှိသေးတယ်တော့် :P
ဟီး॥ သူများတွေကိုသာလိုက်ပြောနေတာ၊ ကိုယ့်အလှည့်ကျတော့ မိုးပျံရထားမှာဂျွန်းပြန်သွားပါလေရော။ ဆန်ပြုတ်မပြုတ်မိလို့တော်သေး။ မူးတဲ့အရှိန်က တစ်ညလုံးပဲ။ နောက်နေ့အထိမူးတူးတူးနဲ့ ဖျားချင်သလိုလိုတောင်ဖြစ်သွားတယ်။
ဒါပေမယ့် အဲဒီနေ့က စိတ်ညစ်နေမယ့်အချိန်မပြောနဲ့ ဆွေမျိုးနာမည်ရုတ်တရက်လာမေးရင်တောင်မေ့နေဦးမှာ။ ဂျွန်းပြန်နေရလို့လေ။
ကဲကဲ..စိတ်ညစ်နေတဲ့သူတွေဖတ်ပြီး ဂျွန်းပြန်အောင်လိုက်မလုပ်ကြနဲ့အုံးနော်။ ဆန်ပြုတ်မကြိုက်ဘူး ငယ်ငယ်ကတည်းက :D