Sunday, July 27, 2008

မှတ်တမ်း

တနေ့က ၁၅ ယောက်ပါဝင်တဲ့အဖွဲ့လေးတစ်ခု အပန်းဖြေမြို့တွင်းခရီးစဉ်လေးတစ်ခုကို အလည်အပတ်ထွက်ခဲ့ကြပါတယ်။ ခရီးလေးကတော့ နေ့တစ်ဝက်လောက်ပဲကြာမြင့်ခဲ့ပါသည်။ တခြားလေ့လာရေးခရီးတော့မဟုတ်ပါဘူး။ ကစားကွင်းခရီးစဉ်လေးလို့ပဲ အမည်ပေးလိုက်ကြရအောင်။ အဲဒီအဖွဲ့လေးတစ်ဖွဲ့ဟာ ကစားကွင်းမသွားခင် နာမည်ကြီး Hotel တစ်ခုရဲ့ တရုတ်စားသောက်ဆိုင်တစ်ခုမှာ Buffet သွားစားခဲ့ ကြပါတယ်။ ၁၅ယောက်ဆိုတော့ စားပွဲကလည်းတစ်ဝိုင်းတည်းမှာ စုထိုင်ဖို့ဘယ်ဆံ့ပါ့မလဲနော်။ အဲဒီတော့အဖွဲ့ကို နှစ်ဖွဲ့ခွဲထိုင်ခဲ့ကြတာပေါ့။

စားရေးသူကတော့ ၇ ယောက်ပါဝင်တဲ့အဖွဲ့မှာထိုင်ဖြစ်သွားပါတယ်။ အဲဒီ စားသောက်ဆိုင်ရဲ့ အမှတ်တရ Buffet ဖြစ်စဉ်လေးကို ရင်ဖွင့်ပြချင်ပါသေးတယ်။ သူတို့ဆိုင်မှာ Buffet စားမယ်ဆို ၂:၃၀ အထိကိုယ့်ကြိုက်သလောက် နာရီမပြည့်မချင်းမှာစားနိုင်ပါတယ်။ အဲဒီလိုမှာတဲ့အတွက်လည်း Bill ပိုမတတ်ပါဘူး။ ကိုယ်နိုင်တဲ့အခြေအနေရောက်တဲ့အထိစားသောက်နိုင်ကြပါတယ် လို့ မသွားခင်ဖုန်းနဲ့ မေးမြန်းပြီးမှသွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ တကယ်လည်းအချိန်ပြည့်တဲ့အထိသုံးဆောင်ခဲ့ကြတာပါပဲ။ နောက်ပြီးသူတို့ဆီမှာ အဖွဲ့တူတဲ့ စားပွဲနှစ်ခုကွဲနေရင်လည်း ဟင်းတွေကိုတူညီစွာပဲ ချပေးပါတယ်။ ဥပမာ-စားပွဲနံပါတ် ၇ ကိုချရင် ၈ ကိုလည်း တစ်ပုံစံတည်းချပေးတာပဲ ဖြစ်ပါတယ်။ စားပွဲနံပါတ် ၈က မှာရင်တော့ ၇ ကို မချပေးပါဘူး။ ဒါပေမယ့် သူတို့ကဦးစွာမေးပါတယ်။ စားပွဲနှစ်ခုက ပူးတွဲမှာလား မပူးတွဲဖူးလားပေါ့။ “ ဟင့်အင်း၊ ပူးတွဲမမှာဘူး၊ သီးသန့်စီခွဲမှာမယ်” လို့ ၀ိုင်းထဲမှ ၃၊ ၄ ယောက်လောက်ဝိုင်းဝန်းဖြေခဲ့ကြပါတယ်။ သူတို့ကလည်း သုံးခါလောက်သေချာအောင် မေးမြန်းပြီး စားရွက်ပေါ်မှာ မှတ်သားတော့မယ့်ပုံစံနဲ့ အသေအချာ confirm လုပ်သွားကြပါတယ်။ အဲဒီအချိန်မှာဝန်ထမ်းက သုံးယောက်လောက်ရှိနေခဲ့ပါတယ်။

အစားအစားမှတ်တမ်းများကိုမှာလဲမှာရော သူတို့လာချပေးမယ့် အစားအစာကိုပဲအရင်သုံးဆောင်ရမယ်လို့ပြောပါတယ်။ အရင်တုန်းက Hotel မပြောလေနှင့် ရိုးရိုး ဆိုင်တွေမှာသွားစားမယ်ဆိုရင်တောင်ကိုယ့်စားမည့်ဟာပဲမှာကြားခွင့်ရှိပါတယ်။ အဲဒီကြောင့် ဘာလို့ကိုယ်ကြိုက်တာ မှာခွင့်မရှိလဲဟု မေးကြည့်တဲ့အခါ သူတို့ရဲ့မန်နေဂျာကိုယ်တိုင်လာရောက်ရှင်းပြခဲ့ပါတယ်။ “ကျွန်တော်တို့စားသောက်ဆိုင်မှာ ကျွန်တော်တို့ ချမယ့်အစားအစာတွေ အရင်ကုန်အောင်ချပြီးနောက်မှ မိမိကြိုက်တဲ့အစားအစာကိုမှာယူနိုင်ကြပါတယ်၊ ကျွန်တော်တို့အကောင်းဆုံးစီမံပြီး ချပေးပါ့မယ်၊ မစားမယ့်အသားကိုလည်းကြိုပြောထားလို့ရပါတယ်၊ အဲဒါကလွဲပြီး ကျန်တဲ့စာရင်းတွေကုန်အောင်ချပြီးတဲ့အထိစောင့်ဆိုင်း ရပါမယ်” လို့ပြောပါတယ်။ ဒီဘက် ၇ ယောက်အဖွဲ့က “အမဲသားမစားဘူး” လို့တစ်ပြိုင်တည်းဖြေခဲ့ကြပါတယ်။ မန်နေဂျာလည်း အသေအချာမှတ်ပြီး “ဟုတ်ကဲ့၊ ကောင်းပါပြီ” ဆိုပြီးပြန်ထွက်သွားပါတယ်။ အဲဒါနဲ့အားလုံးမှာချင်တဲ့ဟာကို ကိုယ့်ဟာကိုယ်မှတ်ထားပြီး နောက်မှမှာယူဖို့ စိတ်ရှည်ရှည်နဲ့ သူတို့ချလာပေးသမျှကုန်အောင်စားရင်း စောင့်စားခဲ့ကြပါတယ်။ သူတို့သတ်မှတ်ထားတဲ့ အစားအစားတွေစုံလင်အောင်ချပေးခဲ့ပါတယ်။ ပထမအခေါက် (First Round) ချပေးပြီးနောက်မှာ ထပ်မစားနိုင်တော့လို့ ခဏအနား(Break Time) ယူရပါတယ်။ ပြီးတော့မှာရတော့မှာလားမသိဘူးဆိုပြီးစောင့်ဆိုင်းနေခဲ့ကြတယ်။ ခဏအကြာမှာတော့ ခုနကစားထားတဲ့ ဟင်းတော်တော်များများ ဒုတိယအကြိမ် (Second Round) ရောက်လာပြန်ပါတယ်။ “ချပေးမယ့်ဟင်းတွေကလည်း မပြီးသေးဘူးလား မသိဘူး၊ ထပ်နေပြီ။ ဒီမှာ ဗိုက်တင်းနေပြီ” ဆိုပြီးစိတ်မရှည်ဖြစ်လာကြတော့တယ်။

စားရေးသူကိုယ်တိုင်က ပြီးရင်မှာမယ့်ဟင်းတစ်ပွဲကို နာမည်အလွတ်မှတ်ထားလိုက်တယ်။ ခွင့်ပြုရင်မှာမလို့အဆင်သင့်ပြင်ထားတာလေ။ ဟင်းတွေက ထပ်မမှာပဲတစ်ပွဲပြီးတစ်ပွဲလာလာချပေးနေကြပါတယ်။ ချပေးတဲ့ဟင်းတွေကလည်း မကုန်နိုင်တော့ဘူး၊ စားလည်းမစားချင် ကြတော့ဘူး။ အားလုံးမစားပါဘူးလို့ပြောခဲ့တဲ့ အမဲသားကိုလည်း ပန်းကန်လိုက် ပြည့်ပြည့်မောက်မောက် လာချပေးထားပါတယ်။ နောက်မစားချင်တဲ့ဟင်းတစ်ပွဲဖြစ်တဲ့ ပုစွန်ကို ကော်ပြန့်ထဲထည့်ပြီးကြော်ထားတဲ့ “ပုစွန်ကော်ပြန့်ကြော်လည်း” ပထမတစ်ပွဲတောင်အနိုင်နိုင် စားထားကြတာ နောက်တစ်ပွဲလာချပေးထားသေးလေရဲ့။ နောက်ဆုံးမှတရားခံပေါ်တော့တာ။ သူတို့က မမှာပဲနဲ့ ချပြီးသမျှပြန်ပြန် လာချနေတာဘာကြောင့်ပါလဲမှတ်ရင် ဟိုဖက်ဝိုင်းကမှာလေသမျှအကုန် ဒီဖက်ဝိုင်းကိုလည်း တူညီစွာလာချပေးနေတာလေ။

ခုနကမန်နေဂျာကြီး ဒုတိယတစ်ကြိမ် ကြွမြန်းပြီးလာရှင်းတာလေ။ ပြီးတော့ သတိပေးချက် (warning) တွေနဲ့ချိုချိုသာသာလေး အပြစ်တင်သွားလေရဲ့။ “ဒါဒီHotel မို့လို့နော်။ ကျွန်တော်တို့ဒါလျော့ပေးထားတာ၊ အမှန်ဆိုဒီဟင်းတွေအကုန်ကုန်အောင်မစားနိုင်ရင် နှစ်ဆ(double charges) အလျော်ပေးရတယ်” တဲ့။ သူပြောတဲ့အဓိပ္ပါယ်က ကိုယ်ဟာကိုယ်လောဘကြီးပြီးမှာပြီး မစားနိုင်ပဲဒီအတိုင်း ထားခဲ့ရင် သူတို့လည်းနောက်လူတွေစားဖို့ပြန်သုံးလို့မရ၊ ဖြန်းပစ်ရာကြလို့ ဒဏ်ပေးတဲ့အနေ နဲ့ (double charges) ကောက်တယ်ဆိုတဲ့သဘောပါ။ သူပြောသလို ကိုယ်ဟာကိုယ်မှာပြီးမစားနိုင်ရင် ဒီလိုပြောခံရတာလက်ခံနိုင်ပါသေးတယ်။ အခုဟာက အလားကားနေရင်း မကြည်တဲ့မျက်လုံးတွေနဲ့ အခြောက်တိုက်ပြောခံလိုက်ရတယ်လေ။ “ဒါဆိုရင် ဟိုဖက်ကမှာတဲ့ဟင်းတွေကို ဒီဘက်ဝိုင်းကို မချဖို့ရယ် အမဲသားမချဖို့ရယ် ကြိုပြောထားရဲ့ နဲ့ဘာလို့လာချလဲ” လို့ဝိုင်းပြောတော့ “ကဲကဲ၊ မစားဟင်းတွေပြော၊ လာသိမ်းလိုက်ဦး” ဆိုပြီး သူ့လူတွေကိုမှာတယ်။ အမဲသား နဲ့ ကော်ပြန့်က လုံးဝကိုထိမထားတော့ ပြန်သိမ်းခိုင်းလိုက်တယ်။ ကျန်တာတွေက မကုန်ကုန်အောင်စားနေရတော့ တ၀က်ကျော်ကျော်လောက် ကျန်သေးတော့ ပြန်သိမ်းရလဲခက်၊ စားမကုန်ပဲဒီအတိုင်းထားလိုက်တယ်လေ။ ပြီးမှ စားချင်တဲ့ဟင်းတစ်ပွဲနဲ့ အသီးအနှံမှာလိုက်တယ်လေ။ ဟင်းကတော့လုံလောက်အောင်ချပေးပါတယ်။ အသီးအနှံကိုတော့ အနည်းငယ်ပဲချပေးပါတယ်။ အဲဒါနဲ့ ၂း၃၀ ရောက်တော့အားလုံးကစားကွင်းသွားဖို့ ပြန်ထွက်ကြပါတယ်။ ခက်တာကအထွက်မှာ မကြားချင်တဲ့စာကားတစ်ခုထပ်ကြားလိုက်ရလို့လေ။ အဖွဲ့ထဲက တခြားသူတွေမကြားလိုက်လို့ သိအောင်လိုက်ပြောရသေးတယ်။ မိန်းမကြီး တစ်ယောက် က double ချက်မကောက်လိုက်ရလို့မကျေနပ်ပြောကျန်ခဲ့တဲ့အသံလေ။

အခုဆိုစကားလုံးအသစ်တိုးလာပြီလေ။ “double charge” တဲ့။ သူငယ်ချင်း အချင်းချင်းနောက်ပြောင်လို့လဲရ တယ်လေ။ အဲဒီမှာ စားရင်း အချင်းချင်းနောက်ခဲ့ကြသေးတယ်။ သူတို့အချဉ်ထည့်စားဖို့ ချပေးထားတဲ့ ပန်းကန်ငယ်လေးတွေထဲက ငရုတ်သီးထည့်ထားတဲ့ ပန်းကန်ကိုပြပြီး “ ဟေ့၊ အဲဒီငရုတ်သီးတွေ ကုန်အောင်မစားရင်” “double charge” ၊ ဖန်ခွက်ထဲကသောက်ရေတွေကျန်ခဲ့ရင်လည်း “double charge” ဆိုပြီးတော့လေ (အလိုရှိသလိုသုံးကြပေါ့နော်) :P

စာဖတ်တဲ့သူတွေက နံပါတ် ၈ ၀ိုင်းကသူတွေကစိတ်ကြီးတယ်၊ ဆိုးတယ်ဆိုပြီး ကောက်ချက်ချလည်းချပေါ့နော်။ မကျေနပ်ပဲပြန်ခဲ့ရတာ တော့အမှန်ပဲ။

အဲဒီစားသောက်ဆိုင်ကအပြန် ဆော့မယ်ဆိုပြီး “Utopia” ကိုလည်လည်ထွက်ခဲ့ကြပါတယ်။ စားရေးသူက အဲဒီမှာတော့ဘာဆိုဘာမှမဆော့ ခဲ့ပါဘူး။ စုံလည်းမစုံဘူးလေ။ ဒါပေမယ့် “Melody World” ဆိုတဲ့ “Karaoke” ခန်းလေးမှာ သီချင်းလေးညည်းတာမဟုတ်ဘူးနော်။ ဆိုတာလည်းမဟုတ်ဘူး။ တခါမှမလုပ်ဖူးတဲ့ အသံကုန်သီချင်းအော်ဆိုခဲ့တာပါ။ အစကတော့ လေးယောက်ပေါင်းအော်ကြတာ။ နောက်တော့ ခြောက်ယောက်ဖြစ်သွားရော။ အရင်တုန်းက “Karaoke”ဆိုရင်ကောင်းကောင်းဆိုပါတယ်။ အခုဟာက သီချင်းဆိုဖို့ ထွက်လာတာမှ မဟုတ်တာ။ ဆော့ကြဖို့လေ။ ဆော့စရာဘာမှလည်းမရှိတော့ ဆိုတဲ့ဘက်ရောက် သွားတာ။

အဲဒီအခန်းရဲ့အနောက်ကျောဘက်မှာမှန်အကြည်အလုံပိတ်ထားတဲ့အခန်းငယ်တစ်ခုရှိတယ်။ အဲဒီအခန်းထဲမှာယောကျာ်းလေးတွေစက်ကိုင် တွယ် (control) လုပ်တဲ့အခန်းလို့မှတ်ယူရတယ်။

ပထမတော့လေးရောက် အပြတ်အော်ကြမယ်ဆိုပြီးဝင်သွားကြတယ်။ မဆိုခင်အပြင်မှာ ဆိုမယ့်သီးချင်းကို စာရင်းကြိုပေးရတယ်လေ။ အစကတည်းကဆိုဖို့လာတယ်ဆိုတဲ့ရည်ရွယ်ချက်မရှိလို့ သီးချင်းအေးအေးလေးတွေလုံးဝမရွေးပဲ မြူးကြွနေတဲ့သီချင်းတွေပဲပေးလိုက် တယ်လေ။ ဒါတောင်မှ မနည်းစဉ်းစားပေးရတယ်၊ သူချင်းနာမည်တွေမမှတ်မိလို့၊ အကုန်လုံးရတယ့်ဆိုမှ စာရင်းပေးတာလေ။ ဒါမှ သြော်လို့ကောင်းမှာကိုး။ သြော် ဒါနဲ့ပြောဖို့ကျန်ခဲ့တယ်။ ၁၅ ယောက်ဆိုတာ အကုန်လုံးကမိန်းကလေးတွေပဲလေ။ ယောကျာ်းလေးဆိုလို့ ရှားရှားပါးပါးတစ်ယောက်ပဲ။ သူက ဆိုဖို့ လုံးဝလိုက်မလာပါဘူး။

ဒီလေးယောက်ရဲ့ပထမဦးဆုံးလက်ရွေးစဉ်တေးကဘာလို့မှတ်လဲ။ ကော်နီသီချင်းလေ။ သိကြပါတယ် အကုန်လုံး။ “ကိုကိုချစ်” တဲ့။

ဘာရယ်မဟုတ်ပါဘူး။ အော်လို့ကောင်းမယ့်တီးလုံးမြူးတဲ့ သီချင်းတွေပဲဆိုဆိုခဲ့တာပါ။ အားရပါးရ မတ်တပ်ရပ်ပြီး လေးယောက်ပေါင်းအော်ကြ တာလေ(ကော်နီသီချင်းကို)

ဟီး.. စောစောကပြောပါကောလား။ ကျောဘက်မှာ စက်တွေကိုင်တွယ်တဲ့အစ်ကိုကြီးတွေကအနောက်ကနေ မတ်တပ်ရပ်ကြည့်ပြီး ရီနေကြပါလေရဲ့။ သူတို့ကိုစောင်းဆိုတယ်များအောက်မေ့နေကြလားမသိဘူး။ ဟင်း………….

နောက်လည်းလှည့်တော့ သူတို့နဲ့ပတ်ပင်းတိုးတာလေ။ ဆိုရင်းတန်းလန်းနဲ့ အကုန်လုံးထိုင်ချလိုက်ရတယ်။
ဒီတစ်ခါပဲဒီလိုဆိုဖူးတဲ့ဟာ။ နောက်ဆိုအရင်လိုပဲကျောက်ရုပ်ပြန်နေတော့မှာကို ဒီနေ့ပဲ အော်မယ့်အဖော်ရှိတုန်း အော်ဆိုရတာကို သူတို့ကြောင့် အခွင့်အရေးမဆုံးစေဘူး ဆိုပြီးပြန်မတ်တပ်ရပ်ပြီးဆိုကြတယ်။ အခန်းထဲက ပြောတာတွေ သူတို့အကုန်ကြားမယ်လို့ထင်တယ်။ အကုန်လုံးမတွေ့ရတော့ဘူး၊ လူရှင်းသွားပြီး တစ်ယောက်ပဲသူ့ computer ကိုခပ်တည်တည်နဲ့ထိုင်နှိပ်နေတာတွေ့ရတယ်။
အင်း..ဒီလိုပဲဖြစ်ရမှာပေါ့။

အသံတွေဝင်ပြီး နောက်ဆော့မယ့်တစ်နေရာကိုထွက်ခွာကြတယ်။အဲဒီမှာတော့ မူးပေ့၊ ကြမ်းပေ့ဆိုတဲ့ အရာတွေပဲစီးခဲ့တယ်။ ပင်လယ်ဓားမြ၊ ရိုလာကိုစတာ၊ မိုးပျံရထား နဲ့ တိုက်ကားတွေလေ။ အဲဒီထဲမှာ ရိုလာကိုစတာသွားတဲ့အသံကအရမ်းကြမ်းတယ်၊ နဲနဲတော့လန့်သွားတယ်။ ကောင်မလေးတစ်ယောက်တောင် ဒါစီးပြီးငိုသွားလေရဲ့ ။ သီချင်းဆိုတုန်းကတော့ ဒီလိုပုံလား ဆိုပြီး ဆိုခဲ့တဲ့ခေါင်းစဉ်တွေပြန်ရွတ်ပြီးစရသေးတယ်။

ဟိတ်..လာဖတ်ပြီးရီမနေနဲ့ဦး ကရော်ကရော်
ဒါနဲ့ဘယ်သူလဲမသိဘူး၊ ပင်လယ်ဓားမြစီးပြီး ဆင်းမယ်ဆင်းမယ်နဲ့ ဆင်းမရလို့ အရှေ့ကသူကို ကယောင်ကတမ်းနဲ့လည်ပင်းထညှစ်တဲ့သူလည်း ရှိသေးတယ်တော့် :P

ဟီး॥ သူများတွေကိုသာလိုက်ပြောနေတာ၊ ကိုယ့်အလှည့်ကျတော့ မိုးပျံရထားမှာဂျွန်းပြန်သွားပါလေရော။ ဆန်ပြုတ်မပြုတ်မိလို့တော်သေး။ မူးတဲ့အရှိန်က တစ်ညလုံးပဲ။ နောက်နေ့အထိမူးတူးတူးနဲ့ ဖျားချင်သလိုလိုတောင်ဖြစ်သွားတယ်။

ဒါပေမယ့် အဲဒီနေ့က စိတ်ညစ်နေမယ့်အချိန်မပြောနဲ့ ဆွေမျိုးနာမည်ရုတ်တရက်လာမေးရင်တောင်မေ့နေဦးမှာ။ ဂျွန်းပြန်နေရလို့လေ။

ကဲကဲ..စိတ်ညစ်နေတဲ့သူတွေဖတ်ပြီး ဂျွန်းပြန်အောင်လိုက်မလုပ်ကြနဲ့အုံးနော်။ ဆန်ပြုတ်မကြိုက်ဘူး ငယ်ငယ်ကတည်းက :D

No comments: