Sunday, August 31, 2008

အမှတ်မထင်ရရှိသော အတွေးအခေါ်

သြော် လောကတစ်ကွေ့ သံသရာမှာလူတွေဟာတွေ့ဆုံကြုံကွဲနေကြပါလား။ အခုတွေ့ကြ၊ ခင်ကြမင်ကြတာတွေလည်း တွေ့ကြုံစဉ်က အချိန်ကြာမြင့် လှတယ်လို့ထင်ခဲ့ရပေမယ့် တကယ်တမ်းဝေးကွာသွားရပြီဆိုရင် လွမ်းပမ်းတဿနဲ့ ထိုခဏလေးကို ပိုက်ဆံပေး ပြန်ဝယ်လို့မရအောင် နှမြောတဿဖြစ်မိကြပါတယ်။ အကြောင်းတစ်စုံတစ်ရာ ကြောင့် ဝေးကွာသွားကြတဲ့သူတွေမှာလည်း တိုက်ဆိုက်မှုတစ်ခုကြုံကြုံလေသမျှ အလွမ်းရဲ့ အငွေ့အသက်အောက်မှာပဲမျောလွင့်သွားကြတာပါပဲ။ ကမ္ဘာကြီးတစ်ခုအတွင်းမှာရှင်လျက်နဲ့ ဝေးကွာလွမ်းဆွတ်နေတာနဲ့ ကံကုန်လို့ သေဆုံးသွားတဲ့အတွက်ပူဆွေးလွမ်းတာ အမျိုးအစားမတူပေမယ့် ပူလောင်မှုဟာတော့ ဘယ်အရာမှရော့မယ်မထင်ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲ ဝေးကြဝေးကြ တစ်ယောက်နဲ့တစ်ယောက် ကံအကြောင်းသင့်လို့ ခဏတာ တွေ့ဆုံခိုက် နောင်တများမရမိလေအောင် အတတ်နိုင်ဆုံး ဖေးမကူညီမိကြဖို့ အရေးကြီးလှမှန်း သဘောပေါက်နားလည်ခဲ့ပါပြီ။

ငယ်စဉ်တောင်ကြေးခလေးဘဝတုန်းကလည်း အဖွားရဲ့ ဆုံးမစကားတစ်ခွန်းကို ယခုထက်ထိမှတ်မိနေလေရဲ့။ လူတွေဟာတွေ့ဆုံချိန်ကြုံကွဲမို့လို့ ကြုံတွေ့စဉ်လေး တစ်ယောက်နဲ့တစ်ယောက် အာကာတများမထားမိအောင်၊ ကိုယ့်အပေါ်ရန်လိုလာသူများ ကိုလည်း သည်းညည်းခံဖို့မှာကြားခဲ့တဲ့ စကားလေးပဲဖြစ်ပါတယ်။ အစ်မတစ်ယောက် လိုခင်တဲ့ အစ်မရဲ့ အဖေဆုံးပါး သွားတာကိုမြင်ရပြီး အလွန်အမင်းစိတ်ဓာတ်ကျဆင်းနေတဲ့ ကောင်မလေးတစ်ယောက်ဟာ ဒီကမ္ဘာမှာ ငါတစ်ယောက်တည်း အားငယ်ပူပန်ဆင်းရဲ နေတာမဟုတ်ဘူးကိုး။ ငါပဲတစ်ယောက်တည်း အချိန်တိုင်းလိုလိုအားငယ်နေတာ သိပ်အဓိပ္ပာယ်မရှိလှဘူး၊ ငါ့ထက်အားမရှိတော့တဲ့သူတွေကို အားနာသင့်တယ်လို့ စိတ်ဓာတ်အသစ်မွေးဖွားဖို့ လမ်းစလေးတစ်ခု ကိုမြင်ယောင်လာတယ်။

ပျော့ညံ့တဲ့စိတ်ဓာတ်ဟာ ဘယ်အရာအတွက်မှ အောင်မြင်မှုကို မပေးစွမ်းနိုင်သလို ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံနေရသလိုပါပဲ ဘာအဓိပ္ပာယ်မှမရှိလှဘူး။ ပျော့ညံ့နေတဲ့စိတ်တွေကို တတ်နိုင်သလောက်ပြင်ဆင်အမှားပြင်ရင်း လောကဓံကြီးကိုကြံ့ ကြံ့ ခိုင်နိုင်အောင်ကြိုးစားရဦးမှာပါလား......

Friday, August 29, 2008

အချိန်မီ

ငါမဟုတ်သောငါ.....အချိန်တော်တော်ကြာကျဆင်းသွားခဲ့တဲ့စိတ်ဓာတ်တွေ
မြေပြင်ပေါ်မှပြန်ထနိုင်အောင် သံမဏိလိုခိုင်မာနိုင်အောင်နေပူလှန်းရပေအုံးမယ်
သို့မဟုတ်လျှင် အဘယ်တစ်ရွာဆီလမ်းစရှာမရအောင် တိမ်တွေလိုမျောလွင့်စွာ
တာရှည်စွာခရီးဆက်ရင်း အဘယ်မည်သူမျှမသိရှာဘဲ ကမ္ဘာမြေပြင်တစ်ရာဝယ်
ကြေမွစွာပျက်စီးရပေတော့မည်

Wednesday, August 20, 2008

မေတ္တာစေကျွန်

နှောင်ကြိုးမျက်ရည် သွန်းကာမိုးလို့
အလွမ်းစေတမံ လက်ဆောင်ပါးခံခဲ့
ဖြူစင်မေတ္တာ အကြာင်းမထင်ထိပါးမြေခ
ရက်စက်အသည်း ရင်ဝယ်ပိုက်၍
နှုတ်ဝယ်စကား လွယ်စွာထွက်၏။
ဪ~~
အိုဘယ့်ဝဋ်ကြွေး ရှိလေသမျှ ရှောင်လွဲမလွတ်တမ်း
မင်းပျော်တော်ဆက် အပါးတော်ဝယ် ဖြူစင်နှလုံးစတေးခံ၍
မေတ္တာရေတံခွန် သွန်းလောင်းအပ်နှင်း မညည်းမညူ
သည်းခံစောင့်စည်း မေ့အပ်ဘဝ မေတ္တာစေကျွန်မောင်းမတော်ဝယ်
သွင်သွင်စီးကျ မိုးဖြူပမာ အညတညဘဝဖြစ်အင်ထင်ရှားသိမြင်
အိုဘယ့်ရန်ငြိုးထားလိုသော်ငြား မူလဖြူစင် အရင်းခံမေတ္တာ အံမတုလို၍ အရှုံးသာပေးအပ်သည်
သံသရာတကွေ့ ဝဋ်ကြွေးရှိသ၍ဆပ်ရလေအံ့ဟု မှတ်ယူအမျက်လျော့
ထိုဖြူစင်တန်ခိုး စွမ်းအင်ဟူသမျှ ယခုမှေးမိန်ပျောက်ကွယ်နေသော်ငြား
တစ်နေ့တန်ပြန် အကျိုးတူညီရအံ့လတ္တံ့ဟု ပြောင်းလဲဖြစ်အင် ကုသိုလ်အဖြစ်
လျစ်လျူစော်ကား အသိအမှတ်မပြု ထိုထိုမေတ္တာ ရည်ကြည်သည်ကား
မယုံကြည်အလေးမထားသူတို့၌ တန်ဖိုးအဘယ်မထင် သုညတဆိုက်သော်ငြား
အနှိုင်းမဲ့တန်ဖိုး အဘယ်ကျောက်မျတ်ရတနာပေးဝယ်မရ ထာဝရတည်မြဲ၏
ဖြူစင်မှုအားအရင်းခံ၍ ထိုမင်းထံဝယ် တန်ပြန်အဖိုးမရယူလို ရှိစေအပ်သည်
မေတ္တာစေကျွန်၏ လက်ဆောင်ပေပါတကား။

Thursday, August 14, 2008

အမေ့ထံမှရသော အနှိုင်းမဲ့မေတ္တာ

ကလေးတိုင်းဟာမသိတတ်တဲ့အရွယ်ကစပြီး သူ့တို့အမေတွေရဲ့ မေတ္တာမှာခုံမင်ကြတယ်။ ရုတ်တရက်မျက်စိအောက်က ပျေက်သွားခဲ့ရင်လည်း လိုက်ရှာတတ်တယ်။ တကယ်တော့သတ္တာဝါတိုင်းဟာ မိခင်မရှိရင်ဖြစ်လာမှာမဟုတ်လို့လေ။ ထိုသတ္တာတွေဟာ မွေးဖွားပြီးပြန်ရင်လည်း မိခင်ရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ မိခင်ထံမှအာဟာရလည်း လိုအပ်တယ်လေ။ ကမ္ဘာပေါ်မှာ အကြင်နာတတ်ဆုံး နဲ့ နွေးထွေးမှုကိုပေးနိုင်ဆုံး လူဟာလည်း မိခင်ပဲဖြစ်တယ်။ ဘုရား၊ တရား၊ သံဃာ ထံမှာ နွေးထွေးအေးချမ်းမှုကိုမရနိုင်ဘူးလို့ မဆိုလိုပါဘူး။ ရတနာသုံးပါး ဆိုတာ လူတိုင်းအတွက် အားကိုးနိုင်တဲ့ အေးချမ်းတဲ့ဓမ္မတွေကို ပေးစွမ်းတဲ့အဖိုးဖြတ်လို့မရတဲ့ ရတနာတွေပါပဲ။ မိခင်မေတ္တာဆိုတာကလည်း သတ္တဝါတိုင်းအတွက်နွေးထွေးပြီး စစ်မှန်တဲ့မေတ္တာရည်ကြည်ကို ပေးစွမ်းနိုင်တဲ့ တန်ဖိုးမဖြတ်ထိုက်တဲ့အရာပါပဲ။ မိခင်ရဲ့ မေတ္တာကို အရင်မဖွဲ့ခင် မေတ္တာဆိုတဲ့ဝေါဟာရ အဓိပ္ပါယ်ကိုပြောပြချင်ပါသေးတယ်။

အများစုဟာမေတ္တာလို့ ပြောလိုက်ပြီဆိုရင် ဖို၊ မ မေတ္တာကိုပဲမြင်ကြတယ်။ Lilly ကိုယ်တိုင်လည်း ငယ်ငယ်တုန်းက လူတွေပြောနေကြကိုတွေ့ဖူးပါတယ်။ မေတ္တာဆိုတဲ့ စကားလုံးကြားလျှင် လူတွေဟာပြုံးစိပြုံးစိနဲ့ နောက်ချင်ပြောင်ချင်လာကြတယ်။ အမှန်တော့ မေတ္တာဆိုတဲ့ စကားလုံးဟာ အလွန်ကျယ်ပြန့် မှန်းဘုန်းတော်ကြီးတစ်ပါးရဲ့တရားတော်မှာ သတ္တာဝါတိုင်း အတွက်မေတ္တာဓာတ်ပေးတဲ့အဓိပ္ပါယ်ကို နာကြားပြီးနောက်မှာသိခဲ့ရတာပါ။ အဲဒီတရားတော်ထဲမှာမေတ္တာရဲ့ တန်ခိုး အကြောင်းရှင်းပြထားချက်အရဆိုရင် ရောဂါပြင်းထန်စွာ စွဲကပ်နေတဲ့လူမမာဟာ ဘုန်းဘုန်းရဲ့ နက်ရှိုင်းတဲ့မေတ္တာပို့သမှု ကြောင့်ရောဂါပျောက်ကင်းသွားရတာတွေလည်းရှိပါတယ်။

အခုလူတွေမှာလည်း မေတ္တာအနည်း၊ အများအလိုက်တစ်ယောက်နဲ့ တစ်ယောက်ပေါင်းသင်းဆက်ဆံ နေကြတာပါပဲ။ တစ်ယောက်နှင့်တစ်ယောက် မေတ္တာလုံးဝမထားနိုင်ကြတော့ဘူးဆိုရင် လူလူချင်း မခေါ်နိုင်မပြောနိုင်ဖြစ်ကြစမြဲပင်။ သတ္တဝါတို့အပေါ်မေတ္တာထားကြပါလို့ ဆိုရာမှာလည်း လူလူချင်းသာမက တိရိစ္ဆန်တွေအပေါ်မှာ လည်း မေတ္တာထားတတ်ဖို့လိုပါတယ်။ မေတ္တာဆိုတဲ့စကားလုံးကို အတိုချုံးမယ်ဆိုရင် ကိုယ်ကသာပေးလို၍ သူတစ်ပါးထံမှပြန်လည်ရဖို့ မမျှော်ကိုးချင်း၊ အပေးသာရှိ၍ အယူမရှိခြင်း၊ တနည်း စုန်ရည်သာစီးဆင်းပေး၍ ဆန်ရည်မတတ်ခြင်း သဘောပင်။ ဖြူစင်သောမေတ္တာမှာ သူတစ်ပါး၏ ကောင်းကျိုးအတွက်သာ အာရုံပြု၍ဆုတောင်းပေးခြင်း(သို့) ကိုယ်ထိလက်ရောက် လိုက်လံဆောင်ရွက် ပေးခြင်း၊ ထိုသို့ ပြုလုပ်လိုက်မိသည့်အတွက် တန်ပြန်ကောင်းမှုအကျိုး ကျေးဇူးမမျှော်မှန်းခြင်းလို့ သဘော သက်ရောက်ပါတယ်။ အဲဒါကို ရှင်းလင်းအောင် ဥပမာပြရမယ်ဆိုရင် မိဘထဲမှ မိခင်မေတ္တာကို ထုတ်ဖော်ပြောပြလျှင် အကုန်လုံးမြင်သာမယ်လို့ထင်ပါတယ်။

လူတိုင်းမှာတော့ယခုထက်ထိ မိခင်ရှိချင်မှရှိကြလိမ့်မယ်၊ မိခင်ရဲ့ မေတ္တာကိုတော့တော်တော်များများ နားလည်ကောင်းနားလည်ကြပါလိမ့်မယ်။ Lilly အမြင်အနေနဲ့သိလိုက်ရတဲ့မခင်မေတ္တာကိုအားလုံးနဲ့ မျှဝေခံစားပြောပြချင်လို့ပါ။ Lilly မှာမောင်နှမဆိုလို့ သူများတွေလို အများကြီးမရှိပါဘူး။ အစ်မတစ်ယောက်ပဲ ရှိပါတယ်။ အစ်မတွေအများကြီးမရှိပေမယ့်လည်း အိမ်မှာကိုယ့်ထက် အကြီးတွေပဲမို့လို့ Lilly က အငယ်ဆုံးဖြစ်နေတယ်လေ။ အမေကသူ့မောင်နှမတွေထဲမှာ မိန်းကလေးထဲမှာ အကြီးဆုံးဆိုတော့ အိမ်မှာအစစအရာရာ လုပ်ရတယ်လေ။ တစ်အိမ်လုံးအဝတ်လျှော်၊ လူကြီးတွေကိုကုညီ၊ မောင်လေးထိန်း အစရှိသဖြင့်ပေါ့။ အမေကသူ ပင်ပန်းသလို မပင်ပန်းအောင် သူ့သမီးနှစ်ယောက်ကို သူ့လိုမဖြစ်စေချင်ဘူးလေ။ အမေဟာ မောင်နှမကလည်းများ၊ သမီးကြီးလည်းဖြစ်နေတော့ မိဘရဲ့ ဂရုစိုက်မှုကိုသိပ်မခံရပါဘူး။ ဒါပေမယ့် သူဟာသူများတွေအပေါ်အရမ်းဂရုစိုက်တတ်တယ်။ စိုးရိမ်ကြီးလွန်းတယ်လို့လည်းခေါ်တာပေါ့နော်။ Lilly ဆိုလည်းအဲလိုပဲလေ။ အိမ်မှာအငယ်ဆုံးလည်းဖြစ်လို့ ဘာလုပ်လုပ်စိတ်မချဘူးလေ။ ဒီကလည်း အကျင့်ပါနေပြီလေ။ ငယ်ငယ်တုန်းကဆိုပိုဆိုးသေး ဘယ်မှမသွားတတ်၊ မလာတတ် နဲ့ လူမြင်ရင်လည်း သေအောင်ကြောက်တတ်တယ်။ ကိုယ့်နဲ့ စကားပြောလေ့ရှိတဲ့သူလောက်ပဲ မကြောက်တာ။ အစစအရာရာ အမေပဲအားကိုးရတယ်လေ။ ငယ်ငယ်တုန်းကဆို အဖေ့အလုပ်ကိစ္စကြောင့် နယ်ပြောင်းရလို့ လိုက်ပြီးကျောင်းလည်းပြောင်းရတယ်။ အဲဒီကျောင်းအသစ်မှာက စစချင်းဆိုတော့ သူတို့နဲ့လုံးစရိုက်မကိုက်ညီ ဘူး။ တစ်ခုခုအနိုင်ကျင့်ခံရပြီဆိုရင် အိမ်ပြန်ရောက်ရင်အမေပဲပြန်တိုင်လေ့ရှိတယ်။ အမေကကျောင်းအထိလိုက်လာပြီး ဖြေရှင်းပေးတယ်။ ဆရာမပဲဖြစ်ဖြစ်၊ အတန်းအဖော်ကိုပဲဖြစ်ဖြစ်ပေါ့နော်။ အဲဒီကျောင်းမှာက ဘယ်သူမှအမေကိုယ်တိုင် လာမဖြေရှင်းဘူးလေ၊ တော်ရုံတန်ရုံမကြည်လို့ရန်ဖြစ်ရင်လည်း သူတို့နိုင်တဲ့စကားတွေနဲ့ ဖိတတ်တော့ သူတို့လိုပြန်ပြောဖို့လည်း သတ္တိမရှိတော့ ပြန်မပြော နားမထောင်ပုံစံနဲ့ နေပေးလိုက်တယ်။ ပြီးအိမ်ပြန်ရောက်မှ တစ်လုံးမကျန်ပြန်ပြောပြတော့ အမေကမခံနိုင်တော့ဘူးလေ။ ကိုယ့်ကြောင့်အမေ အပူအပင်များအောင်လုပ်ခဲ့မိတယ်။ ကိုယ့်ဟာကိုယ်မဖြေရှင်းနိုင်ရင်လည်း ပါးစပ်ပိတ်ခဲ့ရမယ့်ဟာကိုလေ။

အဲဒီလိုအမေဂဂုစိုက်လို့ ကျောင်းကမိန်းကလေးတော်တော်များများက Lilly ကို အရမ်းမုန်းကျတယ်လေ။ နေရာတကာအမေစွဲစွဲခေါ်လာပြီးအမေက သူတို့ကို ဆုံးမစကား သွားပြောလို့လေ။ တစ်ခါကဆို ကျောက်ပြင်ခြေမပေါ်ပြုတ်ကျလို့ လမ်းမလျှေက်နိုင်ဘူးလေ။ ကျောင်းကို စက်ဘီးနဲ့တတ်ရတာဆိုတော့ စက်ဘီးစီးပြီးကျောင်းမတတ်နိုင်ဘူး။ ကျေင်းဝန်းထဲမှာလည်းစက်ဘီးစီးခွင့်မပေးထားဘူးလေ။ အမေကအခန်းထဲအထိ စက်ဘီးနဲ့နောက်မှာတင်စီးပြီး လိုက်ပို့တာမြင်တော့ အမေကိုချွဲပြီးပဲများချင်လို့ ကိုယ်ဟာကိုယ်မလာဘူးလို့ထင်ခံရတယ်လေ။ အမေကလည်း ထားလိုက်ပါသမီးရာ၊ သူတို့ပြောတာတွေ ခေါင်းထဲမှာထားမနေပါနဲ့လို့ပြောပါတယ်။ ဒီကလည်း ကိုယ့်ဟာကို အေးဆေးနေနေတာကို လာခနဲ့ ခံရတော့ ပိုပြီးအမြင်ကပ်ခံရအောင်ဘဝင်မြင့်ပြလိုက်တာပေါ့။ နဂိုတည်းကဘု ကျတာကို ဂွနဲ့ ကလော်တော့ ဘုဂလန့်လုပ်ပေးလိုက်တာလေ။ :P

ငယ်ငယ်ကတည်းကအခုထက်ထိ ကစ္စတိုင်းအမေပဲလိုက်စီမံပေးရလို့ စိုးရိမ်စိတ်တွေ ဝင်လာတယ်။ အမေမရှိတော့ရင်ဘာဖြစ်မလဲဆိုတဲ့အပူပါ။ တခြားသူတွေ ဘယ်လောက်ကောင်းကောင်း အမေလောက် ဘယ်သူကမှဂရုစိုက်တာမခံရဘူးလို့လေ။ ကြာလာတော့ အစစအရာရာ လိုက်လုပ်ပေးမနေဖို့ ပြောလည်း မရဘူးလေ။ အမြဲတမ်းလိုက်စိုးရိမ်နေပြီး ကိုယ့်ဟာကိုယ်အေးဆေးမနေတတ်လွန်းလို့ စိတ်ညစ်ရတယ်ပါတယ်။

ဒါပေမယ့် အမေဟာချစ်သလောက်အရမ်းကို စိတ်ဓာတ်ကျအောင်ဆူပါတယ်။ အသေးအဖွားကိစ္စကအစ လိုက်ဆူတယ်။ စိုးရိမ်လွန်တဲ့အကျင့်ကလည်းပါနေတော့ အဲဒီမဆူဖို့တားလည်းမရပါဘူး။ ဒါတွေဟာလည်း စေတနာဒေါသနဲ့ပြောမှန်းလည်းသိတော့ စိတ်အရမ်းညစ်လည်းသည်းညည်းခံရတာပေါ့လေ။ ဒါပေမယ့် တစ်ခါတစ်လေ စိတ်အရမ်းညစ်နေချိန်မှာ အဆူပဲခံနေရရင် ပြန်လည်းပြောမိတယ်၊ ကိုယ်လုပ်ချင်တာလည်း လုပ်မိတယ်။ သွေးအေးသွားတော့မှ ဘာမှပြန်မပြောပဲငြိမ်ခံနေဖို့ တင်းထားရက်နဲ့ ပြောမိသွားလို့ စိတ်မကောင်းဖြစ်မိတယ်။ ကျန်းမာရေးမှာလည်းအဲလိုပဲ သူဟာသူကျတော့ဂရုမစိုက်ပဲ သူများကိုလိုက်ပူနေတယ် လေ။ Lilly ကလည်း ပူချင်စရာကောင်းအောင် ခဏခဏချူချာပြနေတော့ ခက်တော့တာပေါ့။ ဒီကလည်းမိဘကိုကူညီ ရမှာကို မိဘကပြန်ကူညီနေတော့ ကိုယ်ဟာကိုအသုံးမကျတဲ့သူ လိုပဲမြင်လာတယ်။

လူတိုင်းလိုလိုမှာလည်းဒီလိုမိဘတွေရှိနေမှာပေါ့နော်။ အခုဒီစာလာဖတ်တဲ့သူတွေမှာလည်း ကိုယ်ကမကူညီနိုင်ပဲ မိဘရဲ့ အကူအညီပဲ ယူနေရရင်စိတ်ညစ်မိလားမသိဘူးနော်။ မိဘရှိတုန်းကျေးဇူးဆပ်တဲ့ သေမှာငိုပြီးနောင်တမရနဲ့လို့ သင်ခန်းစာတွေထဲမှာပါဖူးတယ်။ ဆရာ၊ ဆရာမတွေလည်းဆုံးမဖူးတယ်။ အဲဒါကိုမှတ်သားဖို့ စာမေးပွဲစာစီစာကုံးထဲမှာလည်း အဲဒီအကြောင်းကိုရေးသားဖော်ပြဖူးတယ်။ ဒါပေမယ့်လည်း အဲဒီဆုံးမစာတန်းကိုအခုထက်ထိမကျေပွန်နိုင်သေးလို့ စိတ်ဓာတ်တောင်ကျလာတယ်။

ဘာပဲပြောပြောဘယ်ကိစ္စမဆိုကိုယ့်ဘက်ကအကောင်းဆုံးဖြစ်အောင်လုပ်ရမှာပေါ့နော်။ ပျက်အစဉ်ပြင်ခဏ ဆိုသလိုပဲ အရာအားလုံးဟာ ပြင်လိုက်ရင်အကုန်ကောင်းသွားနိုင်တာကို မပြုပြင်ဘဲ ဖြစ်ပြီးသမျှတွေကို နောင်တပဲရနေမယ်ဆိုရင် ဘာမှအကျိုးထူးလာမှာ မဟုတ်ပါဘူးလေ။ အတိတ်ကိုပြန်မတွေးဘဲ ပစ္စုပ္ပန်တည့်တည့်ပဲကြည့်ပြီး ကောင်းအောင် နေသွားနိုင်မယ်ဆိုရင် ပြီးပြည့်စုံစိတ်တိုင်းမကျရင်တောင်မှ စိတ်ဖြေသိမ့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မိခင်မေတ္တာကို အလဟသက်မဖြုန်းတီးပစ်တန်ဖိုးထားနားလည်တတ်ဖို့ ကိုယ်ကိုယ်တိုင်သာမက တစ်တိုင်းပြည်လုံးမှာရှိကြတဲ့ သတ္တာဝါအားလုံးတို့အား မေတ္တာပို့ပေးလိုက်ပါတယ်ရှင် :-)

Friday, August 1, 2008

Photos

Have a nice view!!!