Thursday, October 16, 2008

ငါးမျှားခြင်း

ငါးမျှားခြင်း၏အဓိကရည်ရွယ်ချက်မှာ ငါးရဖို့မဟုတ်ပါ။

ဤနေရာသည် တစ်မြို့လုံးတွင် အေးဆေးတိတ်ဆိတ်သောနေရာဖြစ်သည်။ ထို့အ့ပြင် သစ်ရိပ်ဝါးရိပ်ဖြင့် အုပ်ဆိုင်းထူထပ်သောနေရာလည်းဖြစ်သည်။ မြို့၏အစွန်အဖျားရှိတောအုပ်ဘေးတွင် နက်ရှိုင်းသောရေကန်တစ်ခုရှိနေသည်မှာ သူ့အတွက်အားတက်စရာပင်ဖြစ်သည်။ ထိုရေကန်တွင်ငါးများရှိနေသည်မှာလည်း သူ့အတွက်ကံကောင်းခြင်းပင်ဖြစ်သည်။

သူသည်နှစတော်တော်များများပင် ငါးမျှားခြင်းနှင့် ရင်းနှီးကRမ်းဝင်ခဲ့သည်။

ပထမဦးဆုံးအကြိမ်ဤနေရာသို့ ငါးလာမျှားစဉ်က သူ့အသက် ၄၈နှစ်သာရှိသေးသည်။ ယခု သူ့အသက် ငါးဆယ့်လေးနှစ်ရှိပြီ။

သူသည် ဖြောင့်မှန်ရိုးအသော အထက်တန်းစာရေးကြီးဖြစ်၏။ ကောက်ကွေ့မှု၊ လှည့်ပတ်မှုကို မုန်းတီးသူ၊ လိုက်လျောညီထွေနေခြင်းနှင့်လည်း မရင်းနှီးသူ မှန်ကန်စွာပြုမူဆောင်ရွက်တတ်သူလည်းဖြစ်သည်။

သှူု့အိမ်သည် ဤကန်နှင့်မိုင်ဝက်ခန့်ဝေးသောနေရာတွင်ရှိသည်။ ရုံးဆင်းသည်နှင့်တစ်ပြိုင်နက် အိမ်ပြန်ရောက် လက်ဆွဲအိပ်ချကာ ငါးမျှားတံနှင့်ကရိယာတန်ဆာပလာများယူဆောင်လျက် ဤနေရာသို့ထွက်လာနေကျဖြစ်သည်။

လမ်းတစ်လျှောက်တွင် ဈေးဆိုင်ကလေးများ၊ လက်ဖက်ရည်ဆိုင်များ၊ အကြော်အလှော်ဆိုင်များကို ဖြတ်သန်းလာခဲ့ရသည်။ ရယ်မောသံများ၊ စကားသံများ၊ နွားနီု့ညှီနံ့များ၊ လက်ဘက်ခြောက်နံ့များ၊ ဆီကြော်ညှော်နံ့များကို သူနည်းနည်းမQ စိတ်မ၀င်စားပါ။ သူစိတ်ဝင်စားသည်က အုပ်ဆိုင်းသောတောအုပ်နှင့် ရေကန်ကြီးသာဖြစ်သည်။ ပူအိုက်သောနွေရာသီများတွင် အ၀တ်အစားတွေကို သစ်ပင်အောက်မှာ ပုံထားပြီး သူရေဆင်းချိုးနိုင်သေးသည်။အေးစိမ့် ချမ်းမြသော ဆောင်းရာသီများတွင် သစ်ရွက်ခြောက်များကို မီးရှို့ပြီး မီးလှုံနိုင်သေး၏။ မိထားသောငါးများကို ကင်၍ စားနိုင်သေး၏။ ဤနေရာလောက် သူ့အတွက်နားခိုစရာကောင်းသောနေရာ ဘယ်မှ မရှိပါ။

_ _ _ _ _ _

သူ့တွင် သူ့သြဇာမတည်သော သားနှစ်ယောက်ရှိသည်။ အ၀တ်အစား အသစ်အဆန်းမှန်သမQ မက်မောသော သမီးတစ်ယောက်ရှိသည်။ သူလုပ်ကိုင်သမျှကို အပြစ်ရှာအပြစ်မြင်၍ တဖျစ်တောက်တောက် ညည်းညူပူဆာတတ်သော ဇနီးတစ်ယောက်ရှိသည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကတော့ သူသည် တက်ကြွသော လူငယ်တစ်ယောက်ဖြစ်ခဲ့သည်။ အောက်တန်းစာရေးရာထူးမှ အထက်တန်းစားရေးရာထူးတက်ခွင့်ရရန် အလွန်မျှော်လင့်ပျော်ရွှင်ခဲ့သည်။ လက်ထပ်ခြင်း။ အိမ်ထောင်သားမွေးပြုခြင်းသည် လူ့လောက၀တ္တရား၊ မဖြစ်မနေဆောင်ရွက်ရမည့်အရာများဟု ယူဆကာ ထိုအရာများအတွက် ပြင်ဆင်ခဲ့သည်။ သူသည် အရာရာကို ရိုးရိုးရှင်းရှင်းသာတွေးတတ်သည်။ ကလေးတစ်ယောက်ပြီးတစ်ယောက်မွေးတော့လည်း ပျော်ရွှင်နေခဲ့၏။

တကယ်တော့ အိမ်ထောင်ရေးဆိုသည်မှာ သူလိုလူမျိုးအတွက် မဖန်တီးမပြုလုပ်သင့်သော အရာတစ်ခုသာဖြစ်ကြောင်း နှစ်ပေါင်းများစွာနောက်ကျပြီးမှ သူသိခဲ့သည်။ အိမ်ထောင်ပြုခြင်း၏နောက်တွင် မလိုချင်သော ဗီဇစရိုက်များ ပါလာသည့် သားသမီးများလည်း မွေးတတ်သေးကြောင်း သူယခုမှသိသည်။ ထိုသားသမီးများ လိမ်မာရေးခြားရှိဖို့၊ ပညာတတ်ကျွမ်းဖို့၊ ကိုယ်ကျင့်သိက္ဓာကောင်းမွန်ဖို့ကို သူဘယ်လိုမှ မတတ်နိုင်ပဲရှိနေသည်။

သမီးကြီးသည် ရုပ်ရည်သင့်တင့်၏။ အလှအပကို အလွန်အကျွံမက်မော၏။ ငယ်ရွယ်စဉ်ကတည်းက ပညာထက်အလှပြင် ပစ္စည်းကရိယာများကို ပို၍တန်ဖိုးထားတတ်၏။ အတန်းထဲတွင် စာမေးခံရပြီး မဖြေနိုင်ခြင်းထက် ဆံပင်တွင် ကလစ်ရောင်စုံဖဲကြိုးရောင်စုံ မဆိုးနိုင်ခြင်းကို ပို၍ရှက်၏။ ဆယ်တန်းကျပြီး ရပ်ကွက်ဈေးကလေးတွင် ကုန်စိမ်းရောင်းသောအလုပ်ကို သမီးလုပ်သောအခါ သူမအံ့သြသော်လည်း ဖခင်ကို ခြေရာတိုင်းလာသောအခါ သူအံ့သြမိသည်။ ဖအေရှေ့မရှောင် မအေရှေ့မရှောင် တစိမ်းယောက်ျားလေးများနှင့် ရင်းရင်းနှီးနှီးပုတ်လိုက်ခတ်လိုက် နေတာကို သူအံ့သြမိသည်။ ဆုံးမပြုပြင်ဖို့ကြိုးစားတိုင်း လူမှုဆက်ဆံရေးကို အဖေနားမလည်ပါဘူးဟု ပြောခံရသောအခါ သူရှက်လာ၏။ ဗိုင်းကောင်းကျောက်ဖိ ရှက်ကြောက်တတ်သော သမီးမိန်းကလေးကို လိုချင်သော ဖခင်သည် ရဲတင်းကလက်သော သမီးကိုသာ ရခဲ့၏။

ဝပ်ရှော့တွင်အလုပ်လုပ်သည့် သားကတော့ တစ်မျိုး။ ရုပ်ရည်လေးသင့်တင့်တာကို အခွင့်ကောင်းယူလျက် မိန်းကလေးများနှင့် ရှုတ်ရှက်ခတ်နေ၏။ ထိုသားကြောင့် သူမကြာခဏ ရပ်ကွက်လူကြီးအိမ်ရောက်ရ၏။ သမီးရှင်များ၏ လက်ညှိုးထိုးမာန်မဲမှုကို မကြာခဏခံရ၏။ မိန်းကလေးများကို ဖျက်ဆီးသူဟု နာမည်ပျက်ရနေသည့်သားကို လမ်းမှန်ပြုပြင်ပြောင်းလဲပေးဖို့ သူကြိုးစားဖူးသည်။ အဖေကလဲ ဘာမှမသိပဲနဲ့ ။ ဒါ ကျွန်တော့်အပြစ်ချည်းမဟုတ်ဘူးဗျ။ သူတို့ကိုယ်က အလိုတူအလိုပါတွေ။ ဟု ပြန်ပြောတာကို နားထောင်လျက် ပါးစပ်အဟောင်းသားဖြစ်နေခဲ့ရသည်။ ကိုယ်ကျင့်တ၇ားအကြောင်း ဆွေးနွေးဖို့ကြိုးစားတိုင်း သူအရှုံးပေးခဲ့ရသည်။

သားသမီးမကောင်း မိဘခေါင်းဟူသော စကားပုံရှိသော်လည်း သူ့ဇနီးကြောင့် စကားပုံအသစ်ဖြစ်၏။ သားသမီးမကောင်း ဖခင်ခေါင်းဟူသောပုံစံမျိုး ဖြစ်နေအောင်ပင် သူ့ခေါင်းပေါ်ပုံကျနေခဲ့သည်။ ဤကိစ္စအားလုံးမှာ သူ့တာဝန်သာဖြစ်သည် ..တဲ့..။ သူ ခေါင်းတရမ်းရမ်းနေရုံမှလွဲ၍ ဘာမှ မတတ်နိုင်ပါ။

သူ့ဇနီးမှာ ပုံပျက်လုနီးပါးဝနေသော မိန်းမကြီးတစ်ယောက်ဖြစ်သည်။ ထိုမိန်းမကြီးသည် ညအိပ်လျှုင် ကျယ်လောင်စွာဟောက်တတ်သည်။ သွားကြိတ်တတ်၏။ အိမ်နေရင်း ၀တ်သည့် ထမိန်တစ်ထည်ကို မလျှော်ဖွတ်ပဲ တစ်ပတ်လောက်ဆက်တိုက်ဝတ်တတ်သေးသည်။ လက်သည်းမှန်မှန် မညှပ်ပဲ လက်သည်းကြားမှာ ချေးတွေဖြင့် ထမင်းဟင်းချက်တတ်သူ၊ ထမင်းစားတတ်သူဖြစ်၏။ ထမင်းစားလျှင် လက်ခုံထိ ထမင်းဟင်းပေကျံအောင် အားရပါးရနယ်ဖတ်တတ်သူဖြစ်၏။ အိမ်က ယောက်ျားအသုံးမကျသည့်အကြောင်းကို ရှေ့ခုနှစ်အိမ် နောက်ခုနှစ်အိမ် လည်ပတ်အတင်းပြောတတ်သူဖြစ်၏။ ဟင်းကို နည်းနည်းနှင့်ကောင်းအောင်မချက်တတ်ပဲ ဗုံးပေါလအောချက်ပြီး သွန်ပစ်တတ်သူဖြစ်၏။ တစ်ခွက်ပင်ဖြစ်စေ အရသာရှိရှိချက်ဖို့ သူပြောလျှင်တော့ မဖြစ်စလောက်လစာကလေး..ဟူသောစကားဖြင့် ရန်တွေ့တတ်သူဖြစ်၏။ လခထုတ်ရက်တိုင်း လခရင်းကို တပြားမကျန်သူအပ်သည့်အခါ စိတ်မပါ့တပါ၊ မယူချင့်ယူချင်ပုံစံဖြင့် သက်ပြင်းချကာ ယူတတ်သည်။

ဟိုဘက်အိမ်ကလူကတော့ မိန်းမကို တစ်လ သုံးလေးထောင်အပ်တာ ဟု အောက်ကလိအာသံဖြင့် သူ့ဒေါသကို ဆွပေးတတ်သေး၏။ ဟိုဘက်အိမ်ကလူက သူ့လိုပင် အထက်တန်းစာရေး။ စာရေးချင်းအတူတူ ဘာ့ကြောင့်သူ့ထက်ငွေပိုရသနည်း။ တွေးကြည့်လျှင် တနည်းသာရှိ၏။ မလုပ်ကောင်းတဲ့အလုပ်တွေ လုပ်နေလို့ဖြစ်မှာပေါ့ကွာ ဟု အေးအေးဆေးဆေးဖြေရှင်းတော့ သူ့မိန်းမက မျက်လုံးပြူးကြည့်၏။ ဒီခေတ်မှာ မလုပ်ကောင်းတဲ့အလုပ်ဆိုတာ မရှိဘူးတော့၊ အားလုံးလုပ်နေကြတာပဲ ဟု ရန်တွေ့သည်။ ဒါဖြင့်လည်း မင်းသွားလုပ်ပေါ့ကွာ ဟု သူပြီးရာပြီးကြောင်းတစ်ခွန်းသာ ပြောမိသည်။ သူ့မိန်းမက ဗြုန်းကနဲ ခြေဆောင့်နင်းကာ ထွက်သွား၏။

ညနေတိုင်း အရက်မူးကာ မျက်ထောင့်နီနီကြီါ်ဖြင့် ပြန်ပြန်လာတတ်သော သားဖြစ်သူကတော့ အိမ်မှာ လူပိုသက်သက်ုဖြစ်သည်။ ဘာအလုပ်မှလည်းမရှိ။ အလုပ်လည်း မမြဲ၊ မပင်ပန်းပဲအသက်ရှင်ချင်သည့်အပြင် အရက်သေစာသောက်စားဖို့အတွက်ပါ အိမ်မှ ပိုက်ဆံကို ဖြုန်းသေးသည်။ မှန်မှန်ပေးနေသော ညီထံမှ တစ်ခါတစ်လေမရလျှင် ညီအစ်ကိုချင်းထိုးကြိတ်သည်အထိ ရန်ဖြစ်တတ်သေးသည်။ ဖအေ၊ မအေကိုလည်း ငဲ့ညှာရကောင်းမှန်းမသိချေ။

တောင်းဆိုးပလုံးဆိုးသာပစ်ရိုးထုံးစံရှိသည် သားသမီးဆိုးကို ပစ်ရိုးထုံးစံမရှိဟူသော စကားပုံကို ယခုမှပင် အခြေခံကျကျနားလည်ခွင့်ရသွား၏။ လက်စသတ်တော့ သားသမီးဆိုးဆိုတာ မွေးပြီးရင် ပစ်လို့မှ မရတော့ပဲကိုးဟု ယခုမှပင် သူသဘောပေါက်ရသည်။ သို့သော် သူ့အတွက် အားလုံးလွန်ခဲ့ပြီ။

_ _ _ _ _ _

သူ့ဘ၀တွင် အတွယ်တာဆုံးသောအရာမှာ ငါ့းမျှားတံဖြစ်၏။

တွန့်လိန်နေသော တီကောင်လေးကို ငါးမျှားချိပ်တွင် ဖေါက်ကနဲ ထိုးချိပ်လိုက်ရစဉ် သူအပိုင်နိုင်ဆုံးအရာမှာ ငါးမျှားခြင်းဖြစ်ကြောင်း သူ ၀မ်းပမ်းတနည်းသိရသည်။ နိုင်လွန်ကြိုးကို လက်ဖြင့် ဖွဖွထိသပ်နေရစဉ် ဤကြိုး၏ထိတွေ့မှုသည် သူ့အတွက် ကျေနပ်စရာဖြစ်သည်။ ကြိမ်တံ၏လက်ကိုင်ကို လျော့ရဲစွာ၊ သို့သော သတိရှိစွာ ကိုင်တွယ်ရင်း ရေပေါ်မှ ငြိမ်သက်ခြင်းကို စောင့်ကြည့်နေရစဉ်မှာတော့ သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို သူအောင်နိုင်နေသည်။

လောကတွင် သူအောင်နိုင်သောသတ္တ၀ါမှာ ငါးသာဖြစ်၏။

ဤကန်ထဲတွင် ငါးမျိုးစုံရှိသည်။ သူ့ငါးမျှားချိပ်တွင် ငါးမျိုးစုံသူမိဖူးသည်။ ယောက်ျားလက်ဖျံလောက် တုတ်သော ငါးကြင်းကြီးများမှအစ လက်ညှိုးလုံးလောက်သေးသော ငါးစင်းလုံးလေးများအထိ သူ ရသည်။ ငါးမျှားသက် နှစ်ပေါင်းကြာလာသောအခါ သူ့လက်မှာ ကိုင်ထားသော ငါးမျှားတံအဖျားရှိ လှုပ်ရှားမှုကို မှန်ကန်စွာ ကောက်ချက်ချတတ်သွားသည်။ ကြိုးကလေး ဖေါ့တုံးကလေး ငြိမ့်ကနဲလှုပ်ရှားသွားသည်ကအစ သူကRမ်းကျင်စွာ အကဲဖြတ်တတ်သွားပြီး လQင်မြန်စွာ မှန်ကန်စွာ ဆွဲတင်နိုင်သည်။ ငါးစာကို လာဟတ်သော ငါးမှာ သူ့လက်မှ လွတ်ရသည်ဟူ၍ မရှိရအောင် ဤလုပ်ငန်းကို ကျွမ်းကျင်လာ၏။

ရေထဲစိုက်ထားသော ငါးမျှားကြိုးကို စူးစိုက်စွာကြည့်ရင်း စိမ်းမှောင်သောရေပြင်ပေါ်တွင် အတိတ်က အရိပ်များစွာ ထင်လာတတ်သည်။ တစ်ခါတစ်ရံတွင် နုပျိုသော လူငယ်တစ်ယောက်၏မျက်နှာ (ထိုမျက်နှာပိုင်ရှင်သည် သူဖြစ်၏) တစ်ခါတစ်ရံ မိန်းမငယ်တစ်ဦး၏မျက်နှာ (ထိုမျက်နှာပိုင်ရှင်သည် သူ့ချစ်သူဖြစ်၏)

ချစ်သူအကြောင်း ပြန်တွေးရသည်မှာ ခပ်ဝါးဝါးသာဖြစ်သော်လည်း ရင်ခုန်စရာကောင်းသည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်က သူ့ချစ်သူသည် တစ်ပတ်လျှိုဆံထုံးလေးနှင့် ခရေပန်းများ ဝေနေအောင်ပန်တတ်သည့်မိန်းကလေးဖြစ်၏။ လက်မောင်းလက်ဖျန်များ တောင့်တင်းပြီး ဖျတ်လတ်သော၊ ကျန်းမာသန်စွမ်းသော မိန်းကလေးဖြစ်၏။ ကြည်လင်တောက်ပသော မျက်ဝန်းကလေးများ၊ နီမြန်းသော နှုတ်ခမ်းပါးကလေးများဖြင့် စွဲမက်ဖွယ်ရာဖြစ်၏။ သူတို့နှစ်ယောက် ချိန်းတွေ့နေကျ လေးထပ်ဘုန်းကြီးကျောင်းထောင့်က ခရေပင်ကြီးကို သူမြင်ယောင်လာသောအခါ သူ စိတ်မှတ်မထင်ပြုံးမိသည်။

သနပ်ခါးနံ့သင်းသင်းလေးကို မွှေးကြူရင်း ခရေနံ့လေးကိုပါ ရှူရှိုက်မိသော တနံနက်ခင်းက သူ့ရင်တွေ တဖြတ်ဖြတ်ခုန်ခဲ့ရကာ၊ဘယ်လိုမှ မခွဲနိုင်အောင် ချစ်မြတ်နိုးစိတ်ဖြင့် မချင့်မရဲဖြစ်ခဲ့ရသည်။ ဆောင်းရာသီနံနက်ခင်းတိုင်း၊ မိုးရာသီညနေခင်းတိုင်း ခရေပန်းများက တဖြုတ်ဖြုတ်ကြွေလွင့်နေသည်။ ခရေပွင့်ကလေးများကို အလောတကြီးကောက်နေသော ကိုယ်လုံး ကျစ်ကျစ်ခဲခဲကလေးမှာ ငေးကြည့်၍ မ၀နိုင်အောင် လှနေခဲ့၏။ နှီးကြိုးကလေးဖြင့် သီကုံးပေးရန်ကတော့ သူ့တာဝန်ဖြစ်သည်။ သူသည် လက်ကိုင်ပုဝါထဲက ပန်းကလေးများကို စိတ်ရှည်လက်ရှည်သီပေးခဲ့ဖူးသည်။ သီပြီးသွားသော ပန်းကုံးကလေးများကို မိန်းကလေး၏ဆံထုံးမှာ စိုက်၍ ပန်ပေးရသည့်အရသာမှာ တမ်းတလွမ်းဆွတ်ဖွယ်ရာဖြစ်သည်။

သူသည် ခရေပင်ကြီးဆီသို့ မရောက်ဖြစ်တာ ကြာလှပြီ။

ခရေပင်ကြီးရှိရာ ဘုန်းကြီးကျောင်းသို့ပင် မရောက်ဖြစ်တာ ကြာလှပြီ။ တစ်နေ့နေ့မှာ သွားမည်ဟု ကြံရွယ်လျက် ဘယ်တော့မှ မရောက်ဖြစ်ခဲ့ပါ။ တစ်ခါတစ်ရံ ဥပုသ်ယူသော သူ့မိန်းမနှင့်အတူ လေးထပ်ဘုန်းကြီးကျောင်းသို့ လိုက်သွားရန်ကြိုးစားဖူးသည်။ သို့သော် ဘုန်းကြီးထံ သီလမယူမီ ၀ိုင်းဖွဲ့စကားပြောကြသည့် အုပ်စုများတွင် သူမပါ ၀င်ချင်ပါ။ အဖိုးတန်ပါတိတ် ထက်အောက်ဆင်တူဖြင့် ရွှေကြိုးများ၊ ကြယ်သီးများဖြင့် ဥပုသ်လာစောင့်သော မိန်းမကြီးငယ်များ၏ ကဲ့ရဲ့စကားတင်းဆိုဟန်များကို သူရှောင်ချင်သည်။ ရှင် အကုသိုလ်တွေချည်းနေ့တိုင်းလုပ်နေတာ တစ်ခါလောက် ကျွန်မနဲ့လိုက်ပြီး ဘုန်းကြီးကျောင်းမှာ ကုသိုလ်ယူပါလား။ ဟူသည့် မိန်းမ၏ တိုက်တွန်းချက်ကို ကြားရသောအခါ ကုသိုလ်ယူချင်စိတ်ကလေး လုံးဝ ကုန်ဆုံးသွားကာ မလိုက်တော့ဘူးဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။

သည်လိုနှင့်ပင် အကုသိုလ်ကို ဆက်လုပ်ဖြစ်နေသည်။

သူသည် ငါးမျှားနေရင်းမှ လူအမျိုးမျိုး၏ပုံကို ဖေါ်ကာ အနိုင်ယူလို့ရသည်။ ဥပမာ သမာအာဇီဝကို နည်းနည်းမျှ စိတ်မ၀င်စားသည့် အရာရှိတစ်ဦး၏ ခပ်ထူထူ ခပ်လန်လန်နှုတ်ခမ်းများကို ရွံမုန်းစွာတွေးတောရင်း သူ ငါးကို စိတ်ပါလက်ပါမျှားသည်။ ရရှိလာသော ငါး၏ ဟစိဟစိပါးစပ်ကို အသေအချာကြည့်တော့ ထိုအရာရှိ၏ ပါးစပ်ကိုပင် မြင်တွေ့လိုက်ရလေသည်။ သူသည် ငါးမျှားချိပ်မှ ငါးကို ပျော်ရွှင်စွာ ဆွဲဖြုတ်ပြီး မြေပြင်ပေါ် ဘုတ်ခနဲ ပစ်ချလိုက်ဖူးသည်။ တစ်ခါတစ်ရံသူ့မိန်းမ၏ ပွစိပွစိ နှုတ်ခမ်းတို့ကို စိတ်ထဲမြင်ယောင်လျက် ဒေါသတကြီး ငါးကို မျှားသည်။ မိလာသော ငါး၏ပါးစပ်ကို သူကြည့်သောအခါ တကယ်ပင် သူ့မိန်းမ၏ ပါးစပ်ဖြစ်နေတတ်သည်။ သူသည် ရွှီကနဲလေချွန်လျက် ထိုပါးစပ်ကို အရသာခံ၍ ကြည့်နေတော့၏။ ငါးကလေးသည် ဖတ်လတ်ဖတ်လတ်နှင့် အစွမ်းကုန်ရုန်းကန် နေသည့်အခါမှာတော့ စိတ်မကောင်းဟန်ဖြင့်သက်ပြင်းတစ်ချက်ချကာ ငါးမျှားချိတ်မှ ငါးကို ညင်ညင်သာသာလေး ဆွဲဖြုတ်လိုက်သည်။ ထို့နောက် ရွရွလေးကိုင်ကာ သူနှင့် အဝေးဆုံးနေရာမှာ ချထားလိုက်ဖူးသည်။

ငါးမQားခြင်းဖြင့် သူ ဤနေရာမှာ ကြာကြာထိုင်၍ ငိုင်နေခြင်းအပေါ် မည်သူမျှသံသယမ၀င်အောင် ဖြေရှင်းပြီးသားဖြစ်သွားသည်။ သူသည် ငါးမျှားချင်ယောင်ဆောင်လျက် ရေထဲသို့ ငါးမျှားချိတ်နှစ်ချကာ နာရီဝက်တစ်နာရီလည်း မလှုပ်မယှက်ထိုင်နေလို့ရသည်။ မိန်းမကို မပြောဖြစ်သည့် စကားများကိုလည်း ခပ်တိုးတိုးရေရွတ်နေလို့ရသည်။ တစ်ခါတစ်ခါ ကံဆိုးစွာ အဆော့သန်သော ကလေးများ စပ်စုတတ်သော လူကြီးများရောက်လာလျှင် ရှူးတိုးတိုး။ ငါးလန့်သွားမယ် ဟူသော သတိပေးချက်ဖြင့် စကားမပြောအောင် မနှောင့်ယှက်အောင် တားဆီးနိုင်ခွင့်ရှိသေးသည်။ သူ့ကို ကောင်းကောင်း နှောင့်ယှက်တတ်သူမှာ ကန်စောင်းတွင်နေသော အဘိုးကြီးတစ်ယောက်ဖြစ်သည်။

အဘိုးကြီးကတော့ ငါးမျှားခြင်းကို အကုသိုလ်အလုပ်ဟု ယူဆကာ သူ့ကို ကဲ့ရဲ့ ရှုတ်ချတတ်၏။ အဘိုးကြီးက ရေကန်ကမ်းစပ်ရှိ ကြာဖူးများကို ခဏခဏလာခူးသည်။ ဘာလုပ်ဖို့လဲဟု သူမေးတော့ ချက်စားဖို့ဟုပြော၏။ ကြာဖူးကို ချက်စားရသည်ဟု တစ်ခါမျှ မကြားဖူးပါ။ ဦးလေး.. ဟင်းမရှိရင် ဒီငါးတွေ ယူသွားပါလားဗျဟု သူ စိတ်လိုလက်ရပေးဖူးသည်။

သူသည် ဤငါးများကို စားသောက်ရန်၊ ရောင်းချရန် မျှားခြင်းမဟုတ်။ အစောပိုင်းနှစ်တွေတုန်းကတော့ ငါးများ၏ ပါးဟက်များကို ဖေါက်လျက် လေQာ်ကြိုးဖြင့်သီကာ တန်းလန်းဆွဲပြီး အိမ်ပြန်ရသည်မှာ ပျော်စရာ၊ နောက်ပိုင်းတော့ ထိုငါးများကြောင့်ပင် ဇနီးဖြစ်သူ၏ အပြစ်ရှာခြင်းကို ခံခဲ့ရသည်။ ဒီငါးမျိုးဖြင့်တော်..တနေကုန်အောင် သွားမျှားနေစရာမလိုပါဘူး။ ဈေးထဲမှာ တစ်ဆယ်သား နှစ်ကျပ်ရယ်၊ ဗိုက်ရိုက်ပြီးစားပါလေ့။ဟူ၍တစ်မျိုး။ ရှင့်ငါးတွေက အင်းစော်နံလှချည်လား။ ဘယ့်နှယ်စားမှာတုန်း ဟူ၍တစ်မျိုး၊ ဒီငါးမျိုးကိုမှတ်ထား၊ ငါးမောင်းမလို့ခေါ်တယ်။ ငါးထဲမှာ အရသာမရှိဆုံးငါးပဲဟူ၍တစ်မျိုး။ ငါးခုံးမလိုငါးများ အချိန်ကုန်ခံပြီး မျှားနေရသေးလားတော်။ အဲဒီကုန်တဲ့အချိန်မှာ ရေလေးဘာလေးဆွဲတာမှ အသုံးကျဦးမယ်။ဟူ၍တစ်မျိုး။ အမျိုးအမျိုးရှုတ်ချသောအခါ ငါးများကို အိမ်သို့အလေးခံသယ်မသွားတော့ပေ။ နည်းနည်းနွမ်းပါးမည်ထင်ရသော အသိမိတ်ဆွေအိမ်များသို့ အလှည့်ကျစနစ်ဖြင့် ဟင်းလျာပေးလိုက်ခြင်းအားဖြင့် ဇနီးဖြစ်သူနှင့်လည်း စကားပြောရသက်သာသွားပြီး ကျေးဇူးလည်းတင်ခံရသည်။

အဘ်ုးကြီးကတော့ ငါးများကို မယူပါ။

ငါက ပံသကူသားပဲစားတာကွ။ မြင်သားကြားသားမစားဘူး။ ဟူ၏။

သူဒေါသထောင်းကနဲထွက်သွားသေးသည်။ ခင်ဗျားတို့အတွက် ဖမ်းပေး သတ်ပေးတဲ့သူတွေ ရောင်းတဲ့လူတွေရှိနေလို့ပေါ့ဗျာ။ မရှိရင် ခင်ဗျားလဲ မြင်သား ကြားသားတင်မကဘူး။ ကိုယ်တိုင်တောင် သတ်ပြီး စားမှာ မဟုတ်လား။ သို့သော် အသက်ကြီးသောလူတစ်ယောက်နှင့် ယှဉ်ပြိုင်ပြီး ရန်ဖြစ်ရတာ မကောင်းပါ။

နောက်ပိုင်းတော့ အဖိုးကြီးက ကြာဖူးခူးချိန်နှင့် သူငါးမQားချိန်တို့ တော်တော်များများ တိုက်ဆိုင်နေတော့သည်။ ကြာဖူးသာမက ကြာပွင့်များပါ ခူးတာမြင်တော့ သူအံ့သြသွား၏။ ကြာပွင့်ကရော ချက်စားလို့ရသလား သူမေးတော့ အဘိုးကြီးက လျှို့ဝှက်စွာပြုံး၏။ မဖြေချင်သလိုလို တွန့်ဆုတ်နေပြီးမှ နောက်ဆုံးမှာ သူ့အမေးကိုဖြေလိုက်သည်။

ချက်မစားပါဘူး ဆွဲကြိုးလုပ်ဖို့။

ဟာ.. ဆွဲကြိုး၊ ဘာလုပ်ဖို့လဲ။

အဘိုးကြီးတွင် ဇနီးသားသမီးမရှိ၊ မြေးမရှိ၊ တစ်ယောက်တည်းသာဖြစ်သည်။ အဘိုးကြီးက သူ့ရှေ့မှာပင် ကြာပွင့်တစ်ခိုင်ကိုယူလျက် ကြာရိုးဆွဲကြိုးလုပ်နေ၏။ ကြာရိုးဆွဲကြိုးက လုပ်ရတာ အလွယ်လေးဖြစ်သည်။ ငါးမျှားသလိုမခက်ပါ။ ကြာရိုးကို လက်တစ်ဆစ်နီးပါး အဆစ်ကလေးများလုပ်၍ တစ်ဆစ်ချင်းချိုးသွားရုံပဲဖြစ်သည်။ ကြာရိုးကျိုးသွားပြီး အမျှင်အစေးများကြောင့် ထိုချိုးပြီးသား အဆစ်ကလေးက တွဲလွဲဖြစ်နေသည်။ နောက်တစ်ဆစ်ထပ်ချိုး၊ အမျှင်ကို ဟိုဘက်သည်ဘက် တစ်လှည့်စီ တန်းနေအောင် တစ်ဖက်ဟီချိုးချသွားရုံသာဖြစ်သည်။ ထိပ်ဆုံးမှာတော့ ကြာပွင့်လော့ကက်သီးလေး။

ဟိုတုန်းကတော့ ငါ့မိန်းမကို အဲဒီလို ကြာလည်ဆွဲလုပ်ပေးနေကျကွ။ ငါ့မိန်းမခမျာ သေသာသွားရော သူ့ဘ၀မှာ ပုလဲပုတီးလေးတစ်ကုံးတောင် ဆွဲမသွားရရှာပါဘူးကွာ၊ ကြာလည်ဆွဲကိုပဲ မညည်းမညူဆွဲသွားရရှာတယ်။ သူ့အသက်အငယ်ကလေးမှာ ကလေးမွေးရင်း ဆုံးသွားတာပဲ။

ထိုစကားပြောပြီးနောက် သူ့အဖြပြည့်စုံသွားသလိုပင် အဘိုးကြီးက သူ့ကို နှုတ်မဆက်ပဲ ထွက်ခွာသွားသည်။ လက်မှာ တန်းလန်းဆွဲထားသော အနီရောင်ကြာပွင့်နှင့် ဆွဲကြိုးကလေးမှာ လေအဝေ့တွင် လွင့်လှုပ်လျက်ပါသွားသည်ကို ငေးမောကြည့်နေခဲ့၏။

_ _ _ _ _ _

အေးမြသော ဆောင်းဥတု နဲနက်ခင်းဝေလီဝေလင်းအချိန်တစ်ခုတွင် သူသည် ထူးဆန်းစွာပင် နှင်းမှုန်ကြားထဲမှာ လမ်းလျှောက်နေတော့သည်။ သူ့ခြေတောက်များက သူမသိလိုက်မီမှာပင် မြို့၏ ဟိုးဘက်အစွန်းက လေးထက်ဘုန်းကြီးကျောင်းရှိရာသို့ လျှောက်သွားနေကြသည်။ ငါးဆယ့်လေးနှစ်အရွယ်သည် ဘုန်းကြီးကျောင်းဆီသို့ နံနက်လင်းအားကြီးလျှောက်သွားလျှင် အသင့်တော်ဆုံးအရွယ်ဖြစ်သည်။

လမ်းခရီးတွင် ဈေးရောင်းရန် ဟင်းရွက်စည်းများဖြင့် ဈေးသို့သွားကြသော ရွာသူ့ရွာသားများကို မျက်နှာချင်းဆိုင်တွေ့ရသည်။ မိန်းမများသည် ပုဆိုးများထဲတွင် ဟင်းရွက်စည်းများထည့်၍ ထုပ်ပိုးပြီး ခေါင်းပေါ်ရွက်ထား၏။ ယောက်ျားများကတော့ တောင်းများဖြင့်ထည့်ကာ ထမ်းပိုးဖြင့်သယ်ဆောင်လာသည်။ နေထွက်စအချိန်တွင် နှင်းများ ပိုမိုသိပ်သည်းလာ၏။ လမ်းဘေးဝဲယာ သစ်ပင်များကိုသာ စိမ်းစိုစွာမြင်ရပြီး ခပ်ဝေးဝေးက သစ်ပင်များကိုတော့ သဲကွဲစွာ မမြင်ရပေ။ ဤလမ်းတွင် အိမ်ခြေကျဲပါးသည်။ မြို့နှင့်မတူပဲ ရွာနှင့်တူသော ရပ်ကွက်ဖြစ်သည်။ တစ်ချိန်တုန်းက သူ့ချစ်သူသည် ဤရပ်ကွက်တွင်နေခဲ့ဖူးသည်။

အုတ်တံတိုင်းကာရံထားသော ဘုန်းကြီးကျောင်းသည် ဆောင်းနှင့်းမှုန်များအောက်တွင် အိုမင်းရင့်ရော်စွာ ရပ်တည်နေ၏။ သူခဏတာမျှ ငေးကြည့်နေပြီး ကျောင်း၏ထောင့်တစ်ဖက်က ခရေပင်အုပ်ရှိရာ လျှောက်သွားလိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ခရေပင်များမှာ မြင့်မားလျက်ရှိသည်။ သစ်ပင်တွေ နှစ်၃၀အသက်ရှင်နေတာ အံ့သြစရာ မဟုတ်သော်လည်း သူတို့ကောက်ခဲ့သော ခရေပန်းများလိုပင် ယခုအချိန်အထိ ခရေပန်းများ ခြွေချပေးနေသည်မှာ အံ့သြစရာ။ သူဖြေးညှင်းစွာေ လျှာက်သွား၏။ ပန်းများ တဖြုတ်ဖြုတ် လွင့်ကျနေသည်။

ဤခရေပင်ကြီးအောက်တွင် ငယ်ရွယ်သော သူ့ချစ်သူနှင့်အတူ သူ ထိုင်ခဲ့ဖူးသည်။

_ _ _ _ _ _

သူသည် အပင်တည့်တည့်အောက်တွင်ရပ်၍ ဖြူဖွေးသော ခရေပွင့်ကားကားလေးများ၊ ညိုဝါသော ခရေပွင့်ခြောက်ကလေးများကို ငေးမောကြည့်နေသည်။ ခရေပန်းများနှင့် လှပခဲ့သော သူ့ချစ်သူကို သတိရစိတ်ဖြင့် ရင်ထဲမှာ နာကျင်လာ၏။ သူထိုင်ချကာ လတ်ဆတ်သော ပန်းကလေးများကို ရွေး၍ ကောက်နေမိတော့သည်။

ဟိုတုန်းကတော့ သူ့ချစ်သူကို သူ အမြတ်တနိုး ချစ်ခဲ့သည်။ သူ့ချစ်သူကလည်း သူ့ကို အားကိုးတကြီး ချစ်ခဲ့သည်။ ထိုမိန်းကလေးသည် သူ၏ ပထမဆုံးနှင့် နောက်ဆုံးချစ်သူဖြစ်ခဲ့သည်။ သူသည်လည်း မိန်းကလေး၏ ပထမဆုံးနှင့် နောက်ဆုံးချစ်သူဖြစ်သည်။ သူတို့နှစ်ယောက်လက်ထပ်သောအခါ လောကတစ်ခုလုံး လှပသာယာလျက်ရှိခဲ့ပါသည်။

ချစ်ခြင်းမေတ္တာဆိုသည်မှာ လှည့်စားတတ်သော ကံကြမ္မာအောက်တွင် အရှုံးပေးရတတ်သလား။ သူသည် ဖြစ်ပျက်နေသမQ အရာရာကို နားမလည်နိုင်အောင်ရှိတော့သည်။ သူဝမ်းနည်းနေသည်။ နှစ်ပေါင်း၃၀သည် လူအားလုံး၏ဘ၀ကို ပြောင်းလဲစေနိုင်သည်သာမက အချစ်ကိုလည်း ပြောင်းလဲစေနိုင်သည်။ တိတ်ဆိပ်သော ပတ်ဝန်းကျင်တွင် ခြေသံဖွဖွကလေးကြားလိုက်ရသည်။

သူ ငယ်စဉ်က စောင့်နေကျနေရာတွင် သူငယ်စဉ်က ကြားနေကျ ခြေသံမျိုး (ဖိနပ်မပါ ဗလာခြေတောက်အစုံ၏ ခြေသံမျိုး) ကိုကြားလိုက်ရသောအခါ လက်ရှိဘ၀နှင့် ငယ်ာဘ၀ ရောထွေးကာ ရင်တလှပ်လှပ်ခုန်လျက် နောက်ဘက်သို့ ဗြုန်းကနဲ လှည့်ကြည့်လိုက်သည်။

ခပ်လှမ်းလှမ်းတွင် မိန်းကလေးတစ်ယောက်..။ ဆံပင် ကုပ်ဝဲလေးနှင့် အပြာရောင်ဝတ်စုံပွပွလေးသည် နံနက်ခင်းလေအောက်မှာ လွင့်လှုပ်နေသည်။ အေးချမ်းသော .. နုငယ်သော မိန်းကလေးတစ်ဦး။ သူမက သူ့ကို တစ်ချက်သာ အကဲခတ်ကြည့်လျက် ခရေပွင့်များကို စတင်ကောက်လေသည်။ သူသည် နာကျင်သောရင်ဖြင့် မိန်းကလေးကို ငေးမောကြည့်နေခဲ့မိသည်။

ထို့နောက် ဟာလာဟင်းလင်းရင်ဖြင့် ဗြုန်းကနဲ လှည့်ပြန်လာခဲ့တော့သည်။

_ _ _ _ _ _

ရုံးသွားရန်ပြင်ဆင်နေစဉ် သူ့ဇနီးက အခန်းထဲဝင်လာသည်။

ဝဖြိုးသောခန္ဓာကိုယ်ကို သူ့မျက်စိက ခဏကြည့်မိပြီးနောက် မျက်နှာလွှဲလိုက်ရ၏။ ဘယ်လိုမှ မယုံနိုင်စရာကောင်းသောအဖြစ်များပါလား။ သူနည်းနည်းရှက်ရွံ့စွာ စကား စ လိုက်၏။

ငါ မနက်အစောကြီး လမ်းလျှောက်သွားရင်း လေးထပ်ကျောင်းဘက် ရောက်ခဲ့သေးတယ်ကွ။ ခရေပင်ကြီးတွေက အခုချိန်ထိ ပွင့်နေကြတုန်းပဲ။ ခရေပန်းတွေကလည်းကွာ ဖွေးနေတာပဲ။ ဟိုတုန်းကထက်တောင် များသေး။

သူ့မိန်းမမျက်နှာ နူးညံ့မသွားပါ။

ငါ နည်းနည်းတောင် ကောက်လာခဲ့သေးတယ်။ စားပွဲပေါ်မှာ။

ထိုစကားကြောင့် သူ့မျက်နှာသာ နည်းနည်းနွေးသွားသော်လည်း သူ့ဇနီးကတော့ စိတ်ဝင်စားဟန်မရှိပါ။

ခရေပန်း ။ ဘာလုပ်ရမှာလဲ။ ဈေးထဲသွားဝယ်ရင် တစ်ကျပ်ဖိုးဆို သုံးလေးကုံးရတာ။

သူ့ဇနီးကို သူငေးကြည့်နေမိသည်။

ဟိုတစ်နေ့က လာပြောသွားတဲ့ကိစ္စကို ရှင်ငြင်းမယ် မကြံနဲ့နော်။ ဒါ သူများ ပစ္စည်းခိုးတာမဟုတ်ဘူး။ သူ့ဇနီး၏မျက်နှာမှာ လောဘ၏အရေးအကြောင်းများသာ ရှိနေပါသည်။

ထိုကိစ္စကို သူ့ခေါင်းထဲက ထုတ်ပစ်ထားသည်မှာ လာပြောချိန်ကတည်းကဖြစ်သည်။ သူ့ဘ၀တွင် ကိုယ်ကျင့်သိက္ခာကို တစ်သက်လုံးထိမ်းခဲ့သည်။ သေသည်အထိ ထိန်းသွားမည်။

သို့သော် စကားရှည်မနေချင်သောကြောင့် ခပ်မြန်မြန် ထွက်လာခဲ့ရ၏။

_ _ _ _ _ _

နောက်ရက်များတွင်လည်း ထုံးစံအတိုင်းငါးမQားသည့်အလုပ်ကို သူစိတ်ပါဝင်စားစွာ မပျက်မကွက် လုပ်မြဲဖြစ်လေသည်။

(ဂျုး)

( ၁၉၉၂၊ ဇွန်လ၊ မြားနတ်မောင်)

No comments: