Thursday, October 16, 2008

အက်ဆစ်တစ်ခွက်

လေချွန်သံ ခပ်သဲ့သဲ့သည် ဆောင်းလေးနှင့်အတူ တရုတ်ကတ်မှန်များအကြားမှ တိုးဝင်လာ၏။ ထိုအခါ နံရံရှိ တိုင်ကပ်နာရီကို အမှတ်မထင် မော့ကြည့်ရင်း မောင်ပြန်လာတာဟု လွှတ်ခနဲ တွေးမိသွား၏။ အို .. ငါ့နှလုံးသားထဲက မြတ်မြတ်နိုးနိုးခေါ်တဲ့ 'မောင်'ဆိုတဲ့ စကားဟာ သူနဲ့လုံးဝ မတန်ပါဘူး။ ဒါကို ခဏခဏ သတိထားစမ်းပါ။ ကြည့်စမ်းပါဦး၊ ည ၁၂ နာရီခွဲဆိုတာ ယောက်ျားတစ်ယောက် ဖောက်ပြန်ဖို့ အကောင်းဆုံးအချိန် ဖြစ်မှာပေါ့။ ထိုအခိုက်အတန့်မှာပင် ခြံဝန်းတံခါးနှင့် ဆက်သွယ်ထားသော နိုင်လွန်ကြိုး၏ လှုပ်ရှားမှုကြောင့် ဧည့်ခန်းမှာ ချိတ်ဆွဲထားသည့် သံစုံခေါင်းလောင်းကလေးများ အသံထွက်ပေါ်လာသည်။

ငါ .. သူ့ကို မျက်နှာချင်း ဆိုင်ရဦးမှာပါလား။

ဟိုတုန်းက မြတ်မြတ်နိုးနိုး ချစ်ခင်စုံမက်ခဲ့သော မျက်နှာသည် ယခုတော့ ခါးသီး နာကြည်းဖွယ်ရာ ဖြစ်လာခဲ့ပြီ။ သူ့မျက်လုံး သူ့နှုတ်ခမ်းတို့ကို ပူလောင်သော မုန်းတီးမှုနျင့် မြင်နေရဦးမည်။ အမှန်တော့ အခန်းထဲမှာ တံခါးပိတ်ပြီး နေဖို့ကောင်းတာပဲ၊ ခြံတံခါးကို သူမ ဖွင့်မပေးတော့တာ ကြာပြီ။ သူ့တပည့်ကလေး ဖွင့်ပေးနေကျဖြစ်သည်။ သို့စဉ်လျက် သူမသည် ဧည့်ခန်းရှိ ပက်လက်ကုလားထိုင်တွင် ထိုင်ရင်း၊ စာအုပ်တစ်ခုခုကို ဖတ်ရင်း သူအိမ်ပြန်ချိန် စောင့်ကြည့်နေကျ ဖြစ်သည်။

မုန်းတီးမှုများ ပြည့်လျှံလာသောအခါ မြေနှင့်ဖိနပ် ထိမိသော ခြေသံပင်လျှင် နာကြည်းဖွယ်ရာ ပါပဲလား။ သူသည် ၀တ္ထုစာအုပ်ကို ငုံ့ကြည့်နေသော်လည်း မျက်စိထောင့်မှ ရိပ်ခနဲ သူဝင်လာသည်ကို မြင်ရ၏။ အခါတိုင်း ရက်များကဲ့သို့ပင် သူ တိုက်အိမ် သံတံခါးကို အသံမြည်အောင် ကြမ်းတမ်းစွာ ဆွဲပိတ်၏။ မျှော်လင့်ထားသော အသံဖြစ်ပါလျက် ရုတ်တရက် ကျယ်လောင်သော တံခါးပိတ်သံကြောင့် သူမ ထိတ်ခနဲ ရင်ခုန်သွားသည်။

သူမအနီးမှ ဖြတ်လျှောက်သောအခါ သမံတလင်းပေါ် ရှူးဖိနပ်ရှပ်တိုက်သံမှာ လိုအပ်သည်ထက် ပိုမိုကျယ်လောင်နေ၏။ လှေကားခြေရင်းမှာ သူဖိနပ်ချွတ်ပြီး ဖိနပ်တို့ကို အုတ်နံရံသို့ ကန်ပေါက်ပစ်လိုက်သည်။ သူမ နှလုံးဆီမှ အောင့်သွား၏။ သူ လှေကားမှ တဒိုင်းဒိုင်းအသံမြည်အောင် ပြေးတက်သွားသည်။ နာရီစက်သံမှလွဲ၍ တိတ်ဆိတ် ငြိမ်သက်လွန်းသော ပတ်ဝန်းကျင်ကြောင့် သူ့ခြေသံမှာ အဆမတန် ပြင်းထန်နေသလို ရှိသည်။ သူဟာ နဂိုတည်းက ခြေသံကြမ်းတမ်းတာပါပဲလေ ဟု ဖော့တွေးသော်လည်းမရ။ ဒါ င့ါကိုနာကျည်းစိတ်တွေနဲ့ ရိုင်းစိုင်းသွားတာပဲ .. ဟု ထင်လာသည်။ ဘောင်းဘီဝတ်ထားသောကြောင့် ပုဆိုးခတ်သံကို ကျယ်လောင်စွာ မကြားရတာတစ်ခုကိုတော့ စိတ်သက်သာစေပါသည်။ ဒါတောင်မှ ပျဉ်ခင်း ကြမ်းပြင်ပေါ်မှာ သူလမ်းလျှောက်သွားသံ၊ သူမဦးခေါင်းအပေါ် တည့်တည့်ရှိ သူမတို့နှစ်ဦး၏ အခန်းဆီမှ သေတ္တာဖွင့်သံပိတ်သံ၊ ကြမ်းပြင်ပေါ်သို့ ခေါင်းဘီး (သို့မဟုတ်) ခါးပတ်တစ်စုံတစ်ခု လွတ်ကျသံ အသံမျိုးစုံကို ကြားနေရသည်။

ဤကဲ့သို့ စိတ်ညစ်ညူးမှုများဖြင့် ဘ၀တစ်သက်လုံး နေသွားရတော့မလား။ တွေးမိသောအခါ နာကျဉ်သောရင်သည် မွန်းကျပ်၍လာ၏။ နှစ်ယောက်တည်းရှိသော အိမ်တွင် တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြသောအခါ စိတ်ဆင်းရဲမှုကို ထွက်ပေါက်ရှာပေး၍ မတွေ့ဘဲ ဖြစ်နေသည်။ ပို၍ ဆိုးသည်မှာ သူမထံမှ ဘာအကြောင်းပြချက်ကိုမှ သူမရရှိခြင်းပင် ဖြစ်သည်။

သူသည် လေးငါးရက်ခန့်တော့ သူမကို လိုက်လံချော့မော့၍ အကြောင်းရင်းကို မေးမြန်းနေခဲ့သေးသည်။ ရုတ်တရက်ကြီး စကားမပြောတော့ဘဲ ရှောင်ဖယ်သွားသော သူမကို သူ တအံ့တသြကြီးဖြစ်နေခဲ့သည်။ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ အဖန်တလဲလဲ မေးရသောအမေးကို သူ စိတ်ကုန်သွားမှာ သေချာသည်။

သူမတို့နှစ်ဦး၏ နောက်ဆုံးနေ့ရက်မှာ ရုံးပိတ်ရက် တစ်ညနေဖြစ်သည်။

"နေစမ်းပါဦး၊ မင်းအနေနဲ့ ကိုယ့်ကို ဘာမှမပြောဘဲ ခုလိုစိတ်ကောက်ပစ်လိုက်ရင် တို့နှစ်ယောက်ကြားက ပြဿနာပြီးသွားပြီလို့ ယူဆသလား"

'စိတ်ကောက်' ဟူသောစကားကို သူမဘက်က မကျေနပ်သော်လည်း စကားတစ်ခွန်း ပြန်ပြောရမှာ ၇င်လေးနေသောကြောင့် အသာအယာ ငြိမ်သက်နေခဲ့သည်။

"ပြောစမ်း .. ပြောစမ်း"

စိတ်တိုတတ်သော သူ့ထုံးစံအတိုင်း သူမကို ဆွဲဆောင့်လှုပ်ယမ်း၍ မေးသောအခါလည်း အတတ်နိုင်ဆုံး မိမိနှုတ်ခမ်းတို့ကို ထိန်းချုပ်၍ မျက်ရည်မကျအောင် အားတင်းထားခဲ့သည်။ မျက်ရည်လုံးဝမကျစေရ။ သူကတော့ ၀မ်းနည်း၍ ကျသည့် မျက်ရည်ဟု ထင်လိမ့်မည်။ အသည်းနှလုံးထဲက ဦးနှောက်ထဲက စိမ့်၍ ထွက်သော ခါးသီးမုန်းတီးမှုသည်လည်း မျက်ရည်ကျစေတတ်ကြောင်း သူ သိမည်မထင်ပါ။

"အနည်းဆုံး မင်းကိုယ့်ကို ဘာလို့စကားမပြောချင်တော့တာလဲ ဆိုတာတော့ ပြောပြရမှာပေါ့၊ ကဲ .. မင်းစကားမပြောဘူးလို့ ဆုံးဖြတ်ထားတယ်ဆိုရင် စာနဲ့ရေးပြ၊ ဟုတ်လား"

သူမ ခေါင်းယမ်းခြင်းအမှုကိုပင် ပြုလုပ်မပြခဲ့သောအခါ သူအတော် စိတ်တိုသွား၏။ ထို့နောက် အတတ်နိုင်ဆုံး ချုပ်တည်းထားရသော သည်းခံစိတ်ရှည်မှုဖြင့် သူမရပ်နေသော ပြတင်းတံခါးဝတွင် အတူယှဉ်တွဲ၍ မတ်တတ်ရပ်လိုက်လေသည်။ သူမ၏ ပုခုံးနှစ်ဘက်ကို အနူးညံ့ဆုံး လှုပ်ရှားမှုဖြင့် ဖွဖွလေးကိုင်၍ သူမကို နမ်းရန် ကြိုးစားသည်။

"ချစ်ကလဲကွာ စိတ်လဲ တစ်ခါမှ မကောက်ဘူးပဲနဲ့၊ ဘာဖြစ်လို့ မောင့်ကို စိတ်ဆင်းရဲအောင် လုပ်ချင်ရတာလဲ၊ မောင်ငိုတာကို မြင်ချင်သလား၊ ဟုတ်လး၊ မောင့်အပေါ်မှာ ဘာမကျေနပ်တာရှိလဲ .. ပြော၊ ဘာလိုချင်လဲ ပြော၊ မပြောဘဲနဲ့ အဲဒီလို လုပ်နေရင် မောင်တို့နှစ်ယောက်လုံး စိတ်ဆင်းရဲရုံ ရှိမှာပေါ့"

သူ့ရင်ခွင်တွင်းသို့ ရောက်လုနီးပါး ဖြစ်နေသော ကိုယ်ခန္ဓာကို ဇွတ်ရုန်း၍ ထွက်လိုက်သည်။ ခါးသက်သော အရသာဖြင့် လက်ဖျားခြေဖျားများ အေးလာပြီး တရိပ်ရိပ်တက်လာသော ဒေါသငွေ့တို့ကို ထိန်းချုပ်မျိုချပစ်နေရသောအခါ ရင်မှာ အဆမတန် ဆို့နင့်နေသည်။ အင်မတန် ဟန်ဆောင်ကောင်းတဲ့လူ။ မိန်းကလေးတစ်ယောက် ယုံကြည်အောင် အင်မတန် အပြောကောင်းတဲ့လူ။ သူမတို့နှစ်ဦးအကြားရှိ ပြဿနာကို ဖွင့်ပြောစွပ်စွဲလိုက်လျှင် သူက လှပသောလိမ်လည်မှုများဖြင့် ချိုသာစွာ ငြင်းဆိုတော့မည်။ လက်ဖ၀ါးကို လက်ဖမိုးဖြစ်အောင်၊ လက်ဖမိုးကို လက်ဖ၀ါးဖြစ်အောင် ပြောတတ်လွန်းသော သူ့ချေပချက်များဖြင့် သူ့အပြစ်တို့ကို လှပအောင် တန်ဆာဆင်လိမ့်ဦးမည်။

"မဟုတ်ဘူးလေ၊ ကိုယ့်ကိုစိတ်ကောက်တယ်ဆိုရင်လဲ ကိုယ်ဟာ ဘာအပြစ်နဲ့ တရားစွဲခံသင့်တယ်ဆိုတာတော့ ပြောပြပါဦး၊ အခု ကိုယ့်အဖြစ်က ဘာမှန်းညာမှန်းမသိရ၊ နေစမ်းပါဦး၊ အခုကိစ္စက ကိုယ့်အလုပ်နဲ့ဆိုင်သလား၊ ကိုယ့်အပေါင်းအသင်းနဲ့ ဆိုင်သလား၊ ဒါမှမဟုတ် ငွေကြေးနဲ့ ဆိုင်သလား"

ချစ်ခြင်းမေတ္တာနဲ့ ဆိုင်တာ .. ဟုသာ စိတ်ထဲကသာ ပြောမိသည်။ သူမရင်ထဲမှာ တလှပ်လှပ် မူးနောက်လာ၏။ ဖယ်စမ်းပါ။ ယခင်က သူမတိမ်းမူးခဲ့ရသော သူ့ကိုယ်နံ့သည် ယခုအချိန်တွင် သူမအတွက် စက်ဆုပ်ရွံရှာဖွယ်ရာ အတိ ဖြစ်လာခဲ့၏။ ကျွန်မကိုမထိနဲ့ဟူသော စကားကို ပြောပစ်လိုက်ဖို့ပင်လျှင် မိမိနှုတ်ခမ်းကို နှမြောနေသည်။ တကယ်တော့ ကျွန်မဟာ အလှည့်စားခံလိုက်ရတာပဲ။ ကျွန်မရဲ့ ချစ်တတ်တဲ့ စိတ်ကို ရှင်က လှည့်စားပြီး ယူလိုက်တာပဲ မဟုတ်လား။

ကြည့်စမ်းပါဦး။ သူမ တစ်နှစ်တိတိ လိမ်ညာခံခဲ့ရတာပါလား။ သူတို့နှစ်ယောက်က ငါ့ကို ဟားတိုက်ရယ်နေကြမှာပေါ့။ စီမံကိန်းတွေ အထပ်ထပ် ချထားတဲ့ ဇာတ်ကွက်တစ်ခုထဲမှာ ငါဟာ သူတို့ကြိုးဆွဲရာ ပျော်ပျော်ရွှင်ရွှင် က နေခဲ့တဲ့ အရုပ်တစ်ခုပေါ့။ သူမကို သင်္ချာတစ်ပုဒ်ပမာ သူတို့ တွက်ချက်အောင်မြင်ခဲ့သည်။

သူမ ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့သောအခါ တစ်ချက်နှစ်ချက် ရှိုက်ငင်၍ မျက်ရည်များ လိမ့်ဆင်းကျသွားတော့သည်။ သူ့ထံမှ ပင့်သက်ရှိုက်သံကို သဲကွဲစွာ ကြားလိုက်ရလေသည်။

"ပြောပြမှပေါ့ကွာ၊ အခုလို ငိုနေတော့ အချစ်ပဲ ပင်ပန်းမှာပဲ၊ လျှော့လိုက်ပါ၊ နည်းနည်းလေးဖြစ်ဖြစ် လျှော့လိုက်စမ်းပါ မိုးရယ်"

သူက သူမပါးပြင်ပေါ်မှ မျက်ရည်တို့ကို အသာအယာလေး ဖယ်ရှားပေးသည်။ ရှည်လျားနွေးထွေးသော သူ့လက်ချောင်းများ၏ ပွတ်သပ်မှုကို ဟိုတုန်းကတော့ သူမနှလုံးသားထဲမှ မူးယစ်သွားအောင် တမ်းမက်ခဲ့ဖူးသည်။ ယခုအချိန်တွင် သူ့လက်များကို ပုတ်ထုတ်ဖယ်ပစ်လိုက်ရင်း အော်ဂလီဆန်လာသည်။ သွား .. ငါ့အသားနဲ့ ထိဖို့အထိ မသန့်ရှင်းဘူး။ ခါးသီးသော ခံစားမှုဖြင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။

"မငိုနဲ့မိုးရယ်၊ လာ .. ခဏလေး ခုတင်ပေါ်မှာ လှဲအိပ်လိုက်၊ နည်းနည်း နားလိုက်ပါဦး၊ တော်ကြာ မိုးဗိုက်ထဲက မောင့်သားလေး မျက်လုံးတစ်အား ပြူးနေလိမ့်မယ် .. သိလား၊ မိုးငိုနေရင်လေ"

မောင့် သားလေး ..။

ထိန်းချုပ်ထားသော ခံစားမှုသည် စုပြုံ၍ ပေါက်ကွဲသွား၏။ သူမနားထဲမှာ ကျယ်လောင်သော ဆူညံသံဖြင့် တုန်ခါသွားသည်။ ပခုံးပေါ်မှ သူ့လက်ကို ဖယ်ထုတ်၍ အတတ်နိုင်ဆုံး ကြင်နာဟန်ဆောင်ထားသော သူ့မျက်နှာကို တစ်သက်လုံးမှတ်မိအောင် ကြည့်သလို ရွံရှာစက်ဆုပ်စွာ ကြာ့်လိုက်သေးသည်။ ထို့နောက် ဘယ်တုန်းကမှ မဖြစ်ပေါ်ဖူးသော ဒေါသစိတ်နှင့်အတူ သူ့မျက်နှာကို ရှိသမျှ အင်အားဖြင့် လွှဲရိုက်ပစ်လိုက်တော့သည်။ သူ့ပါးပြင်နှင့် သူ၏ လက်ဖ၀ါး ထိမိသံသည် ထင်ထားသည်ထက် ပိုမို ကျယ်လောင်နေသည်။

သူမကိုယ်သူမ ဤမျှလုပ်ရဲလိမ့်မည်ဟု မထင်ခဲ့သောကြောင့် အံ့သြတကြီး ငြိမ်သက်သွားမိ၏။ သူ့မျက်နှာ အနည်းငယ်ယိုင်သွားပြီး တောက်တစ်ချက် ပြင်းစွာ ခေါက်လိုက်လေသည်။ ထို့နောက် ချက်ချင်း နီရဲလာသော ဒေါသမျက်နှာဖြင့် ..
'မင်းကွာ' ဟု တစ်ခွန်းသာ ရေရွတ်ပြီး သူမ၏ အဆိပ်လွှမ်းသော မျက်လုံးတို့ကို စိုက်ကြည့်နေသေးသည်။ ပြီးလျှင် သူမမျက်နှာကို လွှဲရိုက်ရန် လက်ကို ဒေါသတကြီးရွယ်ပြီးမှ ပြတင်းပေါက်မှ ပိတ်စေ့ထားသော တရုတ်ကပ်မှန်တို့ကိုသာ လက်သီးဖြင့် ထိုးခွဲချလိုက်လေသည်။ စူးရှ ကျယ်လောင်သော မှန်ကွဲသံနှင့်အတူ မှန်စသေးသေး အခွှန်ကလေးကြောင့် သူ့လက်ဖမိုးမှာ သွေးစီးကြောင်းတစ်ခု ဖြစ်သွားသည်ကို တုန်လှုပ်ခြင်း ကင်းမဲ့စွာ စိုက်ကြည့်နေလိုက်သည်။

"ဘာဖြစ်လို့ မင်းငါ့ကို စော်ကားတာလဲ၊ တော်ပြီ .. တော်ပြီ၊ ဒါ နောက်ဆုံး သည်းခံခြင်းပဲ မှတ်ထား၊ ငါ စိတ်ရှိလက်ရှိ ရိုက်ပစ်လိုက်ရရင်။ ကွာ .. သွားစမ်း၊ သွားစမ်း၊ မိုက်ရိုင်းတဲ့မိန်းမ"

ထို့နောက် သူမ၏ သေးကွေးသော ကိုယ်ခန္ဓာလေးကို ဆောင့်တွန်းခြင်း ခံလိုက်ရပြီး လွင့်ခနဲ ကြမ်းခင်းပေါ်သို့ လဲကျသွားခဲ့သည်။

ဤသည်မှာ သူမတို့နှစ်ယောက်၏ နောက်ဆုံး မျက်နှာချင်းဆိုင်ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ သူသည် သူမကို တစ်စုံတစ်ရာ မေးမြန်းခြင်းမရှိ၊ ချော့မော့ ဖျောင်းဖျခြင်းမရှိ။ မျက်လုံးချင်းပင် ဆုံကြည့်ခြင်းမရှိ။ တကယ့် သူစိမ်းတရံစာများသဖွယ် ရှောင်ဖယ်နေခဲ့ကြသည်။ သူမဘက်မှ တစ်ခုပိုသည်မှာ သူ့အပေါ်တွင် လက်စားချေခွင့်မရသေးသော ရန်သူတစ်ယောက်သဖွယ် တစ်စတစ်စ ပိုမို မုန်းတီးလာခြင်းဖြစ်သည်။ လက်စားချေ၇မည့် အခွင့်အရေးကို စောင့်နေရင်း မုန်းတီးမှုများကို ရနိုင်သမျှ စုဆောင်နေ၇သူဖြစ်သည်။

သူ ဘယ်လိုဖြစ်မှ ငါ စိတ်ချမ်းသာမှာပါလိမ့် .. သူ့ကို ပေးရမည့်အပြစ်တို့ကို တစ်ခုချင်းလိုက်၍ စဉ်းစားသည်။ သူမသည် မိန်းမသားတစ်ဦးမျှသာ ဖြစ်သောကြောင့် ဤမျှ လွယ်ကူလိမ့်မည်မဟုတ်ပါ။ အချိန်ဆိုသည်ကတော့ ရောက်လာမှာပါပဲ။ သူ့နှုတ်ခမ်းပေါ်က သကြားအုပ်ထားသော အဆိပ်များအတွက် အချိန်ရောက်လာရမည်။ သူတို့၏ ကြိုတင်စီစဉ်မှုများအတွက် အချိန်၊ သူမ ပေးအပ်ခဲ့ရသော အချစ်အတွက် အချိန်။ ငါ သူ့ကို ယုံခဲ့မိတယ်..။

ဤအကြောင်းအချက်သည် သူမအတွက် တစ်သက်လုံး ယူကျုံးမရ ဖြစ်သွားစေရန် လုံလောက်၏။ သူမ၏ လင်ယောက်ျားအပေါ်တွင် အထင်လွဲတတ်သော အလေ့အထ လုံးဝမရှိ။

သူမယောက်ျားသည် ငယ်ရွယ်စဉ်ကတည်းက ရည်းစားများစွာ ထားခဲ့ဖူးသည်။

သူ့ရည်းစားများ များပြားလွန်းသဖြင့် သူမမှတ်မိဖို့မဆိုထားနှင့် သူကိုယ်တိုင်ပင် တစ်ခါတစ်ရံ နာမည်စဉ်းစားမရအောင် မေ့လျော့တတ်သည်။ တစ်ခါတစ်ရံ သူမ သိထားသော သူ့ရည်းစားဟောင်း တစ်ယောက်တလေနှင့် သူမတို့ စုံတွဲ လမ်းမှာ ကြုံဆုံလျှင် သူအနေခက်လေမလား..ဟု သူ့ကို အရိပ်တကြည့်ကြည့် နေရာက..

"မောင် .. ဟိုမှာ မောင့်ကောင်မလေးမဟုတ်လား၊ နှုတ်ဆက်လိုက်ဦးလေ"ဟု သူမက စတင်လမ်းဖွင့်ပေးခဲ့သည်။

"မောင် .. အဲဒါ နံပါတ် ဘယ်လောက်လဲဟင်"ဟု သူမက မေးလျှင် ဟက်ဟက်ပက်ပက် ရယ်မော၍ 'ဘယ်မှတ်မိပါ့မလဲဟ' ဟု ပြန်ဖြေတတ်သည်။ 'နံပါတ်တစ်မဟုတ်တာတော့ သေချာတယ်ကွာ' ဟု နောက်ပြောင်တတ်ပါသည်။

"ဟေ့ နင့်ယောက်ျား ဟိုကောင်မလေးနဲ့ ရယ်လို့မောလို့ ငါတွေ့ခဲ့တယ်။ ပြန်ဆက်နေပြန်ပြီထင်တယ်"

စေတနာလိုလို၊ ကဲ့ရဲ့မှုလိုလို၊ သတိပေးမှုလိုလို သူမဆီ သတင်းပေါက်ကြားလာသောအခါလည်း သူမ အနေခက်ခြင်း သ၀န်တိုခြင်း မရှိခဲ့ပါ။ သူ့ကို မေးကြည့်ဖို့ဖြစ်စေ၊ စိတ်ကောက်ဖို့ဖြစ်စေ စိတ်ကူးတတ်သူမဟုတ်ပါ။

သူ့ဟာသူ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခုအချိန်မှာ ငါနဲ့သူနဲ့ တရားဝင် လင်မယားပဲ၊ ငါက သူ့ကို တရားဝင် ပိုင်ဆိုင်ပြီးသားပဲ၊ ငါ သူ့ရဲ့ တစ်ဦးတည်းသောမိန်းမ၊ တွေးလိုက်ရုံဖြင့် သူမကိုယ်သူမ ကျေနပ်နေခဲ့သည်။

တစ်ခါတစ်ရံ သူ့စာအုပ်သေတ္တာမှ စာအုပ်ရှာရင်းသောလည်းကောင်း၊ စာပွဲအံဆွဲများထဲမှ လက်သည်းညှပ်၊ ခေါင်းဘီး ရှာရင်းဖြင့်သော်လည်းကောင်း၊ ဟိုစဉ်က ရည်းစားစာများကို ပြန်တွေ့၍ ဖတ်ကြည့်ခဲ့ဖူးသည်။ အများအားဖြင့် ဟောင်းနွမ်းသော စာအိတ်များ၊ အနည်းငယ် ၀ါကျင်စပြုနေသော စာရွက်များ၊ ကလေးဆန်သော လက်ရေးများသာဖြစ်သည်။ တစ်ခါတစ်ရံ ဓာတ်ပုံများ တွေ့ရတတ်သည်။ လွန်ခဲ့သော ၁၀ နှစ် ၁၁ နှစ်ခန့်က ပုံများဖြစ်၍ ရိုးစင်းသော ဆံပင်ပုံစံ၊ အင်္ကျီပုံစံများသာဖြစ်သည်။ တစ်ခါတစ်ရံတော့ သူက စိတ်လိုလက်ရ ဒါက ဘယ်သူပေါ့၊ အခုသူက ဘယ်မြို့ကို ရောက်နေပြီ။ သူကတော့ ဒီမြို့မှာပဲ။ ဒါကတော့ ရှစ်တန်းတုန်းက ရည်းစားလေ .. စသည်ဖြင့် ရှင်းပြနေတတ်၏။

သူ့မျက်နှာမှ အပြုံးသည် အင်မတန် သန့်စင်သော အပြုံးဟု မှားယွင်းစွာ ထင်ခဲ့၏။ အင်းလေ .. အဲဒီမိန်းကလေးတွေနဲ့တော့ သူဟာ တကယ် သန့်စင်ခဲ့မှာပါပဲ။

သူမကို ချောက်ချားဖွယ်ရာ ပြဿနာတစ်ခုဆီသို့ တွန်းပို့ပေးသော စာများကိုတော့ ရည်းစားစာတွေ့နေကျ မဟုတ်သည့် နေရာမှ မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်။ ဤအကြောင်းကို တွေးမိလျှင် သူမသည် ရှက်စိတ်ဖြင့် မျက်နှာ ပူနွေးလိုက်၊ အံ့သြနာကျည်းစိတ်ဖြင့် နှုတ်ခမ်းဖျားများ အေးစက်လိုက်၊ အမျိုးမျိုးသော ခံစားချက်တို့ဖြင့် လှုပ်ခါခဲ့ရသည်။

ဘုရား .. ဘုရား .. သူတို့ငါ့အပေါ်မှာ ဘာဖြစ်လို့ ဒီလောက် ရက်စက်ကြပါလိမ့်။
သူမ ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့သော အားကစားပစ္စည်းများ ထည့်သည့် ထင်းရှူးသေတ္တာထဲမှာ မမျှော်လင့်သော စက္ကူထုပ်ကို တွေ့ခဲ့ရသည်။ သူ ငယ်စဉ်က ကိုင်တွယ်ခဲ့သော ကြက်တောင်ရိုက် ဘက်တ်မင်တံများ၊ တင်းနစ်ရိုက်တံများ၊ ဆုရခဲ့သော ငွေရုပ်တုကလေးများ၊ ဒိုင်းသေးသေးကလေးများ၊ ဤသေတ္တာကို အိမ်ထောင်ကျစက လှပ်မကြည့်ခဲ့သည့် ကိုယ့်ကိုယ်ကို ရှက်စိတ်ဖြင့် အပြစ်တင်မဆုံးတော့ချေ။

သူမ မမြင်ဖူးသော လက်ရေးအသစ်နှင့် စာအသစ်များကို အံ့သြစွာ တွေ့လိုက်ရသည်။

'ကိုကိုရေ..' ဟု ခေါင်းစီးတပ်ထားသော စာများမှာ သူမနှင့် အိမ်ထောင်မကျမီ နေ့စွဲများဖြစ်သည်။ ပထမတော့ သူမ တုန်လှုပ်ခြင်းမဖြစ်မိဘဲ သူ၏ များပြားလှစွာသော ရည်းစားများမှ တစ်ယောက် အပါအ၀င်အဖြစ် အနည်းငယ် ရယ်မောလုနီးပါး တွေးမိ၏။

ကြည့်စမ်း.. ငါနဲ့ လက်မထပ်ခင်မှာတောင် သူ ရည်းစားရအောင် ထားလိုက်သေးတယ်။ အဲဒီရက်တွေက ငါဘယ်ရောက်နေပါလိမ့်။ အို.. ငါက မန္တလေးမှာ ရောက်နေတာပဲ။ သူ့စာများအရ သူတို့နှစ်ဦး ရည်းစားဖြစ်သော နေ့စွဲမှာ သူမအား လက်ထပ်ခွင့်တောင်းသော နေ့စွဲနှင့် နှစ်နှစ်တိတိသာ ကွာသည်။ သူမ စိတ်မကောင်းမဖြစ်မိပါ။

ဒီနှစ်နှစ်မှာ ထုံးစံအတိုင်း ဒီကောင်မလေးနဲ့ တွဲမှာပေါ့၊ နောက် မကြာခင် ကွဲမှာပေါ့။ နောက်ဆုံးတော့ ငါ့ဆီ ပြန်ရောက်လာတာပဲ။ ဘာပဲဖြစ်ဖြစ် ငါဟာ သူ့ရဲ့ ငယ်ချစ်ပဲလေ။ သူမအနည်းငယ်ပင် ပျော်ရွှင်သွားပါသေးသည်။ သို့သော် သူမ၏ စိတ်နှလုံးကို ဆုတ်ညှစ်ခြေမွသော စာတစ်စောင်ကိုတော့ မမျှော်လင့်စွာ တွေ့လိုက်ရ၏။

'ထားအချစ် ကိုကို..' ဟု ခေါင်းစီးတပ်ထားသည်။

"ဒီစာကို ထားမရေးချင်ဘူး၊ ထားအပေါ်မှာ ကိုကို အထင်လွဲမှာ စိုးတယ်၊ ဒါပေမယ့် ထားအများကြီး စဉ်းစားပြီးမှ ၀မ်းနည်းခြင်းများစွာနဲ့ ရေးလိုက်ပါတယ် ကိုကို"

အမျှော်လင့်ကြီး မျှော်လင့်ပြီးမှ ဘာမျှ မရနိုင်တော့တဲ့ ကိုကို့ကို ထားသနားလိုက်တာ။ ကိုကို သိပ်လိုချင်တဲ့ သားလေးတစ်ယောက်လောက်ကိုမှ ထားမပေးနိုင်တဲ့ နောက်တော့ ထား ကိုကိုနဲ့ လက်မထပ်ရက်ဘူး။ ကိုကိုချစ်တာ ထားတစ်ယောက်တည်းပဲလို့ ထားယုံပါတယ်။ အဲဒီလိုပဲ ဟောဒီကမ္ဘာပေါ်မှာ ထားအချစ်ကလည်း ကိုကိုတစ်ယောက်တည်းပဲဆိုတာ ကိုကိုသိပါတယ်နော်။ ဒါပေမယ့် ထား ဒီတစ်သက် ကလေးမှ မရနိုင်တော့တာ ကိုကိုရယ်..။ ထားကိုယူရင် ကိုကိုရော ထားရော စိတ်ဆင်းရဲရမယ်။

'ထားကို ကိုကို ထားရစ်ခဲ့ပါတော့၊ ကိုကို့အတွက် အသင့်တော်ဆုံးဟာ မိုးဆိုတဲ့ မိန်းကလေးပဲ ဖြစ်မှာပါ။ လူကြီးတွေ သဘောတူတဲ့ မိုးကိုပဲ ကိုကိုလက်ထပ်ပါ။ ဒါပေမယ့် ထားဆီကို ကိုကို မကြာမကြာ လာပါနော်။ မိုးနဲ့ရမယ့် ကိုကို့သားတွေ သမီးတွေကိုလည်း ချစ်ပေါ့။ ထားကိုလည်း တစ်သက်လုံး ချစ်ရမယ်နော်..၊ ကိုကို သူ့ကိုလက်ထပ်လိုက်ပေမယ့် ကိုကို့အချစ်ကို ထားပိုင်ပြီးသားပဲ။ ထားကျေနပ်ပါတယ်။ အခုလိုပဲ ထားတို့ တွေ့နေကြရအောင်နော်..။

ဟိုတစ်နေ့က ကိုကိုတအားစိတ်ညစ်သွားတာ ထားသိပါတယ်။ ကိုကိုဘယ်လောက်ပဲ ညာညာ ကိုကို့မျက်နှာကို ထားအလွတ်ရပြီးသားပါ။ ထားကို နှစ်သိမ့်ဖို့ မကြိုးစားပါနဲ့ကွယ်။ ထားအတွက်က ကိုကိုနဲ့ လက်ထပ်ရဖို့က အဓိကမဟုတ်ပါဘူး။ ကိုကို ထားကို တစ်သက်လုံး ချစ်ဖို့က..'

သူမ စာကိုပြီးအော် မဖတ်နိုင်တော့ဘဲ တင်းကျပ်သော ပူလောင်မှုများဖြင့် ယိမ်းယိုင်သွားခဲ့သည်။ နေ့စွဲမှာ သူမတို့လက်မထပ်မီ ငါးလခန့်အလိုဖြစ်၏။

"လူကြီးတွေ သဘောတူတဲ့.."

မြတ်စွာဘုရား..။ သူမသည် သူ့ကိုလက်တွဲဖို့အတွက် မိသားစုတစ်ခုလုံးကို တော်လှန်ပုန်ကန်ပြီး ရုန်းထွက်ခဲ့ရတာပါ။ ဘယ်သူပြောသလဲ။ လူကြီးတွေ သဘောတူတယ်လို့ .. ဘယ်သူပြောတာလဲ။ မောင်ဟာ ကျွန်မနဲ့ပတ်သက်လို့ သူ့ကို ဘာတွေ လိမ်ထားခဲ့ရသလဲ။ ဒါနဲ့ပဲ မောင်.. ကျွန်မကို ချစ်တယ်ဆို။ ဟိုး .. ငယ်ငယ်ကတည်းက ချစ်လွန်းလို့ အရိပ်တကြည့်ကြည့် နေခဲ့ရတဲ့ မိန်းကလေးပါဆို။ ဘုရားရေ.. ခုတော့ ကျွန်မကို မောင့်ချစ်သူရဲ့ သဘောတူညီချက်အရ..

သူမ၏ အမြင်အာရုံေ၀၀ါးသွားခဲ့သည်။ မျက်ရည်ကြောင့်လား။ ရှက်စိတ်ကြောင့်လား။ နာကြည်းထိတ်လန့်မှုကြောင့်လား။

သူ လက်ထပ်ခွင့်တောင်းစဉ်က ဟန်မဆောင်ချင်တော့သော သူမသည် အနည်းငယ်မျှ တင်းမထားခဲ့တာ သေချာပါသည်။ သူမသည် ငြင်းပယ်ရမည်ဟု လုံးဝ သတိမရခဲ့ပါ။ 'မောင်' ဟု တိတ်တခိုး မြတ်နိုးစွာ ခေါ်ကြည့်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့်အတိုင်း သူမအလွယ်တကူ ခေါင်းညိတ်မိခဲ့၏။ ယခုပြန်တွေးမိလျှင် ယခု ရှက်စိတ်ဖြင့် မျက်စိပိတ်ပစ်လိုက်မိ၏။

ငါဘယ်လောက် သူ့ကို အရူးအမူး လိုအပ်ခဲ့သလဲ။ ငါ့အပေါ်မှာ သူရက်ရက်စက်စက် ချိုသာခဲ့တယ်။ သူတို့နှစ်ယောက် ငါ့ကွယ်ရာမှာ ရယ်မောနေခဲ့ကြမယ်။ ငါကတော့ သူ့အတွက် ကလေးမွေးပေးရမယ့် စက်ရုပ်တစ်ခုပဲပေါ့။

သူမ လုံးဝ ကလေးမချစ်တတ်ပါ။ အလောတကြီး ကလေးယူရန်လည်း စိတ်မပါခဲ့ပါ။

"မိုးရယ် .. မောင်နဲ့ သိပ်တူတဲ့ သားလေးတစ်ယောက်တော့ မောင့်ကို အလျင်ပေးထားပါ၊ ဒီကောင့်ကို သွားလေရာမှာ ခေါ်သွားမယ်၊ စက်ဘီးရှေ့မှာ တင်ခေါ်သွားမယ်၊ လက်ဖက်ရည်ဆိုင်ခေါ် .. သူစားချင်သမျှ လက်ညှိုးထိုးသမျှ မုန့်ကျွေးမယ်၊ သူမငိုငိုအောင် စမယ်။ ကိုယ်တို့သားလေးက သိပ်တော်ရမယ်။ ဆိုးချင်ဆိုးပါစေ၊ နောက်ပြီး မောင်နဲ့လည်း သိပ်တူမှာ၊ သားလေးကို တအားနမ်းပစ်ရရင် မောင် သိပ်ပျော်မှာပဲ၊ မိုးစဉ်းစားကြည့်စမ်း၊ သားက အဖေ.. လို့ အားကိုးတကြီး ခေါ်မယ့်အသံကို မိုး စဉ်းစားကြည့်စမ်း၊ ဘယ်လောက် ကျေနပ်ဖို့ကောင်းလဲ"

ကလေးနှင့်ပတ်သက်၍ သူ အလွန် စိတ်ဝင်စားခဲ့သည်။ ဘယ်နေ့မှန်းမသိသော ကလေးအတွက် ကြိုတင်ပြင်ဆင်မှုများ အထပ်ထပ် ချထားရာမှာ မိုးမှာ ကိုယ်ဝန်ရှိနေပြီလားမသိဘူး .. ဟု အသိပေးလိုက်သောအခါ သူ့မှာ ကလေး၏ ရုပ်ကို ပုံဖော်၍ မပြီးနိုင်အောင် ရှိတော့သည်။ ကလေးအတွက် နာမည်ကို စဉ်းစား၍ မပြီးနိုင်အောင် ရှိတော့သည်။

သြော် .. သူ့ခများ ကလေး သိပ်ချစ်တတ်တာပါပဲလားဟု သနားကရုဏာဖြင့် သူမလိုက်လျောမိခဲ့သည့်ကို ပြန်၍ ရှက်မဆုံးတော့ပါ။

သူနှင့် ချစ်သူ၏ လျှို့ဝှက်ချက်ကို သူမ ကိုယ်ဝန်ခြောက်လရှိချိန်ကျမှ သိရတော့သည်။ ငါ ဘာလုပ်ရမလဲ။ ဘာလုပ်သင့်သလဲ။ သူမကိုယ်သူမ သတိပြန်ရလာသော အချိန်မှစ၍ သူမ၏ အတွေးများသည် တစ်မျိုးတည်းသည် ဖြစ်၏။ အခု ငါ ဘာလုပ်မလဲ..။

သူ့ကို စာတွေပြ၍ ရန်တွေ့ဖို့ လုံးဝ စိတ်မကူးခဲ့ပါ။ လှည့်ပတ်လိမ်ညာမှုတွင် တတ်စွမ်းသော သူသည် ၀န်ခံမှုတစ်ဝက်၊ မုသားတစ်ဝက်၊ အချိုတစ်ဝက်၊ အခါးတစ်ဝက် ရော၍ သူမကို နှစ်သိမ့်တော့မည်။ နှစ်ပေါင်းများစွာ တွယ်တာခဲ့သော သံယောဇဉ်မျက်နှာဖြင့် သူမကလည်း သူ့ဖြေသိမ့်ချက်များအပေါ် ယုံစားလိုက်မိမှာ စိုးသည်။ ဟင့်အင်း.. သူတို့ကို ငါမကျေဘူး ဘယ်တော့မှ မကျေဘူး။

သို့သော် သူမ ဘာတတ်နိုင်မည်နည်း။ ယခုအခါ သူသည် တစ်လတစ်ခါ နှစ်လတစ်ခါ ခရီးထွက်၍ (ခရီးထွက်ဟန်ဆောင်၍) သူ၏ မယားကြီးလည်းမဟုတ်၊ မယားငယ်လည်းမဟုတ်သော ချစ်သူမိန်းမထံ သွား၍ တွေ့နေခဲ့ပြီ။ ထို့နောက် သူမကွယ်ရာတွင် သူတို့နှစ်ဦး အတူနေထိုင်ကြမည်။ သူမ၏ ကိုယ်ဝန်အကြောင်း ဆွေးနွေးကြမည်။ သူမ မွေးဖွားလာမည့် ကလေးသည် ယောက်ျားလေးလား၊ မိန်းမကလေးလား အလောင်းအစားလုပ်ကြမည်။ ဖျော်ရည်ဖန်ခွက်များအကြား၊ စီးကရက်ငွေ့များအကြား၊ ထမင်းပန်းကန်များအကြား သူတို့ဆွေးနွေးသည့် ခေါင်းစဉ်မှာ 'သူမ' ဖြစ်ခဲ့မည်။ သစ်သီးများ၊ အနမ်းများ၊ ရယ်မောသံများနှင့် တွဲလျက် သူမအကြောင်း..၊ ကလေးအကြောင်း..။

သူတို့ မကြာခဏ ပြောကြမည်။ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားရင်းပေါ့..

"ကိုယ့်မိန်းမက ကိုယ့်ကို သိပ်ချစ်တာကွ၊ အရမ်းအလိုလိုက်တာ၊ သနားစရာကောင်းအောင် အလိုလိုက်တာ"

"အံမာ.. ကိုကိုနော်၊ သနားရုံပဲသနား၊ ဒါထက်မပိုရဘူး ဒါပဲ"

"အိုး.. ဟောဒီ ကမ္ဘာလောကမှာ ထားကလွဲပြီး ဘယ်မိန်းကလေးကိုမှ.."

ဘုရား.. ဘုရား၊ ငါ ဘာလုပ်ရပါ့မလဲ။

သူမသည် ရှက်စိတ်၊ နာကြည်းစိတ်တို့ဖြင့် ကိုယ့်ကိုယ်ကို သတ်သေပစ်ရန်ပင် စိတ်ကူးလိုက်မိသေး။ မဖြစ်ပါဘူး။ ကလေးဟာ တော်တော်ကြီးနေပြီ။ သူ အပြင်ရောက်လာမယ်ဆိုရင် အသက်ရှင်နေနိုင်ပြီ။ မဖြစ်ဘူး။ အရေးအကြီးဆုံး အကြောင်းမှာ သူမ သေသွားဖို့ မဟုတ်ပါ။ သို့သော် သူမ၏ သားကလေး။ အို.. မတွေးနဲ့။ လူတစ်ယောက်မှာ သနားကရုဏာစိတ် နည်းနည်းလေး ရှိနေရင် ကိုယ်လုပ်ရမယ့် အလုပ်ကို ဘယ်မှာ ပြီးဆုံးအောင် လုပ်နိုင်မှာလဲ။

သူမသည် နေ့စဉ် နံနက်မိုးလင်းမှ ညအိပ်ရာဝင်အထိ အသိစိတ်ဓာတ်တစ်ခုတည်းဖြင့် အသက်ရှင် နေထိုင်ခဲ့သည်။ ထို အသိစိတ်ဓာတ်မှာ သူတို့ကို မှတ်လောက်သားလောက်အောင် မည်သို့ လက်စားချေမလဲဆိုသည့် အသိပင်ဖြစ်သည်။ သူ၏ ဇနီးဖြစ်နေသမျှ ကာလပတ်လုံးတော့ သူတို့ သူမထံမှ အင်မတန်လိုချင်သော ကလေးကို မရစေရ။ သူမ၏ ခိုင်မြဲသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။ သူမ၏ စနက်တံများကို သူ့နှလုံးသားဆီမှာ ဖောက်ခွဲဖို့ ချိန်ကိုက်ချည်နှောင်ထားရမည်။

လှေကားမှ ခြေသံ အပြေးရောက်လာသောအခါ ပျံ့လွင့်နေခဲ့သော စိတ်အာရုံကို ကမန်းကတန်း စုယူပြီး ယခုအချိန်အထိ မဖတ်ဖြစ်သေးသော စာမျက်နှာကို အသံမြည်အောင် လှန်ပစ်လိုက်ရလေသည်။ သူမ တွေဝေ ငေးမောနေကြောင်း သူ မမြင်စေရပါ။ သူမသည် သူ့ကို မုန်းတီးစွာ ဖယ်ရှောင်ခြင်းမှတစ်ပါး အခြားသော ကိစ္စများတွင် သာမန်သာဖြစ်သည်ဟု မြင်စေချင်သည်။

ခြေညှပ်ဖိနပ် စီးလိုက်သံ၊ သူမနောက်နားဆီမှ ဖြတ်လျှောက်သွားသံ။ စာကြည့်ခန်းတံခါးကို ဆွဲဖွင့်ပြီး အသံမြည်အောင် ပြန်ပိတ်သွား၏။ သူ အိပ်ရာဝင်ဖို့ ပြင်တော့မည်။ စာကြည့်ခန်း သမံတလင်း တံမြက်စည်းလှည်းသံ ကြားရသည်။ ထို့နောက် တံမြက်စည်းကို အခန်းထောင့်သို့ လွှင့်ပစ်လိုက်သံ၊ နှစ်ယောက်ထိုင် ဆိုဖာကို အ၀တ်ဖြင့် ကြမ်းတမ်းစွာ (သို့မဟုတ်) ဒေါသတကြီး ဖုန်ခါ လှည်းကျင်းသံ၊ ခေါင်းအုံးပစ်ချသံ၊ ထို့နောက် လေးပင် ကြမ်းရှစွာ ပစ်လှဲ အိပ်ပစ်လိုက်သည့်အသံ၊ သူ့ကို သူမ ကိုယ်ထိလက်ရောက် ရိုက်ပစ်လိုက်သည့်နေ့မှ စ၍ သူ့ခေါင်းအုံးနှင့် စောင်ကို အောက်ထပ် စာကြည့်ခန်းထဲ ရွှေ့သွားခဲ့သည်မှာ ယခုဆိုလျှင် ၇က်ပေါင်း ၂၀ ကျော်ပြီ။

သည်လိုနှင့်ပင် သူမ ကလေးမွေးဖွားမည့် ရက် ရောက်လာတော့မလား။

အရာရာတွင် ပျော့ညံ့တွေဝေတတ်သော သူမသည် ကလေးမွေးပြီးလျှင် သူမတွေ့နိုင်မည့် တစ်နေရာရာ ပို့ပစ်လိုက်လျှင်လည်း ဖြစ်တာပဲဟု စဉ်းစားသေးသည်။ ဟင့်အင်း.. မဖြစ်သေးပါဘူး။ သူ့ကလေးကို သူတွေ့အောင် ရှာမှာပဲ။ မရရအောင် လုယူမှာပဲ။ သူမကို မေးမည်။ ရိုက်ပုတ် နှိပ်စက်မည်ကို ကြိုတင်သိနေသည်။ သူ ဒေါသတကြီး တက်ခေါက် ဆူပူလျှင်သော်လည်းကောင်း၊ ပခုံးနှစ်ဘက်ကို ဆုပ်ကိုင် ဆောင့်ယမ်းလျှင်သော်လည်းကောင်း နေစရာမရှိအာင် တုန်လှုပ်ကြောက်ရွံ့တတ်သော သူမသည် ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်မည်ကို စိတ်ကူးဖြင့်ပင် မခံစားဝံ့ချေ။

မဖြစ်ဘူး၊ မဖြစ်ဘူး၊ အဲဒီလိုမဖြစ်ပါဘူး။ ကဲ.. ဒါဖြင့်ရင် .. တွေးလိုက်ရုံမျှဖြင့် ရင်မှာ စူးနစ်စွာ နာကျင်သွားသည်။ သားရယ်..။ လွှတ်ခနဲ ၀င်ရောက်လာသော မြတ်နိုးမှုတစ်ခုကို သူမ တုန်လှုပ်စွာ ငြင်းပယ်လိုက်ပါ၏။ ငါ.. ဒီလောက်ထိ မရဲဝံ့ပါဘူး။ သို့မဟုတ် မရက်စက်ဝံ့ပါဘူး။

ကိုယ်ဝန်ဆောင် အင်္ကျီအောက်မှ အနည်းငယ် လှုပ်ရှားလာသော ကိုယ်ဝန်ကို စိတ်မှတ်မထင် ဖြည်းညင်းစွာ အုပ်ကိုင်မိလျက်သား ဖြစ်သွားသည်။ တကယ်ကို .. သူမျှော်မှန်းထားသည့်အတိုင်း သားကလေးဖြစ်မှာပဲ။

သူ .. ဘယ်လောက် ပူပင်သောက ရောက်လေမလဲလေ။

သူမကိုယ်ဝန်စတည်ချိန်မှစ၍ သူမတို့အခန်းနံရံမှာ ကလေးပုံ ပိုစတာလှလှလေးများကို ချိတ်ဖို့ သူကြိုးစားခဲ့သည်။ ကလေးအနှီးအတွက် ပိတ်စများကို ကြိုတင် မ၀ယ်ကောင်းပါဘူးဟု သူမအတန်တန် သတိပေးလျက်နှင့် သူဝယ်သည်။ ကလေးအင်္ကျီပေါက်စကလေးများကို သူ ၀ယ် ၀ယ်လာသည်။

"မိုး .. ကိုယ်တို့ကောင်ကြီးအတွက် ဒီအင်္ကျီကလေးတွေက သေးများနေမလားဟင်"

"အိုး .."

နှစ်နှစ်ခြိုက်ခြိုက် ရယ်မော၍ သဘောကျခဲ့ဖူးပါသည်။

ပြန်စဉ်းစားမိလျှင် မုန်းတီးနာကြည်းမှု မဆိုသလောက် လျော့ပါးသွားသလို ခံစားရသည်။ ဤသည်မှာ သူမအတွက် ကောင်းသောလက္ခဏာမဟုတ်။ ဒါ သားလေးရဲ့ မျက်နှာကြောင့်ပါလေ..။ သားလေးကို မွေးဖွားပြီးလျှင်..။ သူမ ၇င်တွင်း၌ အေးစိမ့်သော နူးညံ့စိတ်မျှင်မျှင်ကလေး ရုတ်တရက် ထွင်းဖောက် ၀င်ရောက်လာပုံမှာ အင်အားပြင်းလှသည်။ ဖြစ်ခဲ့ပြီးသမျှ အစစအရာရာအတွက် သူမအားလုံး ခွင့်လွှတ်ကျေအေးပစ်လောက်အောင် သူမ၏ သားငယ်ကလေးက ခွန်အားကြီးမားလိမ့်မည်မှာ သံသယ၀င်ရန်မလို။

ကျေအေးရန်.. ဟင့်အင်း။ သူမ၏ ချစ်စဖွယ်သော သားကလေး၊ နူးညံ့နီရဲသော အသားအရည်ကလေးမှာ ပန်းပွင့်နုနုဖတ်ဖတ်ကလေးထက်ပင် နူးညံ့နေလိမ့်မည်။ သူမ၏ အသွေး၊ အသက်ဖြင့် ဖြစ်ပေါ်လာသော အပြစ်ကင်းစင်သည့် ကလေးပေါက်စနကလေး..။

သူမသည် ယောင်ယမ်း၍ မျက်စိအစုံ မှိတ်ပစ်လိုက်သည်။ မတွေးရဘူး၊ မတွေးနဲ့..။

သူမ အတန်တန်ငြင်းပါလျက် သားဖွားမီးယပ် အထူးကုဆရာဝန်မထံ သူ ဇွတ်ခေါ်၍ ကိုယ်ဝန်ကို အပ်နှံသည်။ ဆရာဝန်ချိန်းသည့်ရက်တိုင်း မပျက်မကွက် သူလိုက်ပို့ပေးနေကျ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပတ်က ရက်ချိန်းစေ့သည်ကိုပင် သူမမေ့လျော့နေမည်စိုး၍ သူ လာသတိပေးခဲ့၏။ (ကလေးနှင့် ပတ်သက်လျှင် ခြွင်းချက်အဖြစ် သူ သတ်မှတ်လေသလား မပြောတတ်ပါ။)

"ဒီနေ့ညနေ ဆရာဝန်ဆီ သွားရမယ်၊ မေ့မနေနဲ့"

ထိုနေ့နံနက် အိမ်မှ မထွက်မီ အခန်းဝမှာ လာရပ်၍ ခပ်တည်တည်ပြောခဲ့စဉ်က သူမ ထိတ်ခနဲ ရင်ခုန်သွားသေးသည်။ သူမကိုယ်သူမ မကျေနပ်ဘဲ အပြစ်တင်မဆုံးတော့ချေ။ ငါ ဘာလို့ ရင်ခုန်တာလဲ၊ ငါဘာလို့ တုန်လှုပ်တာလဲ၊ အထပ်ထပ် ညည်းညူမိသည်။ ထိုနေ့က အခါတိုင်းကဲ့သို့ ညသန်းခေါင်အထိ မနေဘဲ ညနေဆေးခန်းအမီ သူပြန်လာခဲ့၏။

"သွား .. အ၀တ်လဲ၊ ဆေးခန်းသွားမယ်"

သူမ ငြင်းဆိုရန် တွေးလိုက်သော်လည်း ပြဿနာရှုပ်ထွေးကုန်မှာ စိုးရိမ်သည်။ မသွားလျှင် သူအော်ဟစ်ငေါက်ငမ်းမည်။ သို့မဟုတ် ရိုက်နှက်မည်။ သို့မဟုတ် ကြမ်းတမ်းစွာ ဆွဲခေါ်မည်။ သူ့အနေနှင့်တော့ ဆရာဝန်ဆီ သူမကိုရအောင် ခေါ်သွားမှာပဲ ဖြစ်သည်။ ဤအချက်ကို တွေးမိ၍ သူမ အလွယ်တကူ လိုက်သွားခဲ့ရသည်။

အို.. မေ့နေလိုက်တာ၊ မနက်ဖြန် ဆရာဝန်ချိန်းတဲ့ ရက်ပါပဲလား သူ.. သူမကို သတိပေးဦးမည်။ ဆေးခန်းသို့ လိုက်ပို့ဦးမည်။ ဟန်ဆောင်ထားသော ကြင်နာမှုမျိုး မဟုတ်သလို လူသူရှေ့တွင် သူမကို ကြင်နာယုယစွာ တွဲပွေ့ကျီစယ်ပြုံးဦးမည်။ သူ .. ဘုရားရေ .. မိန်းမတစ်ယောက်ဟာ လင်ယောက်ျားကို တစ်သက်လုံး မုန်းတီးနာကျည်းသွားဖို့ သိပ်များခက်ခဲနေလေမလား။ သူမ ဘယ့်နှယ်လုပ်ရပါ့မလဲ။

ရုတ်တရက် စိတ်လိုက်မာန်ပါ မတ်တတ်ရပ်လိုက်ပြီးမှ ယခင်ကလို ပေါ့ပါးသွက်လက်ခြင်းမရှိသော သူမကိုယ်ခန္ဓာကို သတိထားမိသွားသည်။ စာအုပ်ကို ပက်လက်ကုလားထိုင်ပေါ် ပစ်ချရန် စိတ်ကူးပြီးမှ အသာလေး ချထားလိုက်လေသည်။ သူမသည် လှေကားကို တစ်ထပ်တက်ပြီး လှေကားခြေရင်း အုတ်နံရံပေါ်က မီးခလုတ်ကို ပိတ်ပစ်လိုက်သည်။ လှေကားကို အသံမမြည်အောင် ဖြည်းညင်းစွာ တက်ရင်း မူးနောက်နောက် ခံစားရသည်။

လှေကားပေါ်က လိမ့်ကျလျှင် ကိုယ်ဝန်ပျက်ကျလေမလား။

အခန်းထဲ ၀င်လိုက်သောအခါ စားပွဲတင် မီးအုပ်ဆောင်းအောက်ခြေတွင် ဆေးပုလင်း သုံးလေးခုကို အသစ်တွေ့လိုက်ရသည်။ သူမ စားပွဲအနီးသို့ တိုးကပ်သွား၏။ ကိုယ်ဝန်ဆောင် အားတိုးဆေး၊ ဖောလစ်အက်စစ်၊ ဖြူရာမင်ဘီစီ။ သူမ တုန်လှုပ်သွား၏။ ဒါ .. ဒါတွေဟာ သူ့ကလေးအတွက်ပေါ့။ ရုတ်တရက် စိတ်မထိန်းနိုင်တော့ဘဲ ဆေးပုလင်းများကို လက်နှစ်ဘက်ဖြင့် စုပြုံယူလျက် အခန်းနံရံသို့ အရှိန်ပြင်းစွာ ပစ်ပေါက်ခွဲပစ်လိုက်တော့သည်။ အလွန်အမင်း တိတ်ဆိတ်နေသော ညသည် ပုလင်းကွဲသံ၊ ကြမ်းပြင်ပေါ်သို့ ဖန်ကွဲစများ လွင့်စင်သံဖြင့် စူးရှကျယ်လောင်သွား၏။

လှေကားမှ တဒိုင်းဒိုင်း ပြေးတက်လာသော ခြေသံကို ကြားရသည်ဟု အာရုံက ထင်လိုက်စဉ်မှာပင် အခန်းဝသို့ သူ မြန်ဆန်စွာ ရောက်လာလေသည်။

"မိုး .. မိုး"

မတ်မတ်ရပ်နေသော သူမနှင့် ခပ်ဝေးဝေး နံရံအနီး ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော ပုလင်းကွဲများ၊ ဆေးလုံးများ၊ ဆေးပြားများကို အတန်ကြာအောင် သူ အထိတ်တလန့် ကြည့်နေသည်။ ထိုခဏ၌ အံ့သြစရာပင် သူမ၌ သူ့ကို ကြောက်စိတ် လုံးဝ မရှိချေ။ သူမ၏ မုန်းတီးစက်ဆုပ်မှုများသည် အငွေ့ထတော့မတတ် တရှိန်ရှိန် ပူလောင်လျက်ရှိသည်။ သူမ ရဲရဲဝံ့ဝံ့ ပြန်ကြည့်နေလိုက်သည်။ သူသည် လွှတ်ခနဲ တစ်ခုခု ညည်းညူရေရွတ်လိုက်သလား မသေချာပေ။ သူမအနားသို့ တိုးကပ်လာပြီး သူမမျက်နှာကို အဓိပ္ပါယ်ဖော်နေသည့်ပမာ အရောင်တောက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူ ရိုက်လိုက်တော့မလားဟု စိုးရိမ်စိတ် အနည်းငယ် ၀င်မိပေမယ့် သူက လက်ဖြင့်ချိန်ရွယ်ခြင်းပင် မပြုလုပ်ခဲ့ပါ။ သူ့မျက်လုံးများမှ နားမလည်ခြင်းအရိပ်သည် တဖြည်းဖြည်း ဒေါသအဖြစ် ကူးပြောင်းသွား၏။ ထို့နောက် ခဏခြင်းပင် ဘာခံစားမှုမှ မရှိသော အေးစက်စက် မျက်နှာတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ နောက်တော့ သူစိမ်းတစ်ယောက်၏ မျက်နှာမျိုးဖြင့် ချာခနဲ လှည့်ထွက်သွားလေသည်။

###

ရီဝေမူးနောက်နေသော အာရုံဖြင့် မျက်လုံးစတင်ဖွင့်လျှင်ဖွင့်ချင်း သူမ ဘာမှ မမြင်ရပါ။ သူမကိုယ်သူမ ရှာဖွေတွေ့ရှိဖို့ကိုပင် မိနစ်ပေါင်းများစွာ၊ သို့မဟုတ် နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည်။ ဦးခေါင်းတစ်ခုလုံး လေးပင် မူးယစ်လျက် ရှိ၏။ အိပ်ဆေးမိထာသည့် ခံစားမှုမျိုးများလား။ သူမအိပ်ဆေး အလွန်အကွှံသောက်မိလေသလား၊ သူမသည် အိပ်ဆေးပြား တစ်ပြား နှစ်ပြားမှ ပို၍ တစ်ကြိမ်တစ်ခါမျှ မသောက်ဖူးပါ။ (သေချာရဲ့လား..) သေချာပါသည်။ သူမ အိပ်ဆေး မသောက်ခဲ့ပါ။ ဒါဖြင့် ..

သူမ၏ ကိုယ်တွင်းတစ်နေရာမှာ မူလထက် ထူးထူးခြားခြား လှိုက်ဟာလျက်ရှိသည်။ တစ်စုံတစ်ခု ရုတ်တရက်ကြီး လစ်ဟာသွားသလို ခံစားရသည်။

သူမ ဘာဖြစ်ခဲ့သနည်း။

ပျံ့လွင့်ယိမ်းယိုင်နေသော အာရုံများကို ခက်ခက်ခဲခဲ စုစည်းနေစဉ် သူမ ရင်တလှပ်လှပ် တုန်လျက်ရှိ၏။ အမြင့်တစ်နေရာမှ သူမလွင့်ကျခဲ့လေသလား။ တောင်စောင်းတစ်ခုဆီမှ သို့မဟုတ် ၀ရန်တာစွန်းမှ မဖြစ်နိုင်ပါ။ သူမတို့ တိုက်အိမ်မှာ ၀ရန်တာမရှိပါ။

သူမ ဘာဖြစ်ခဲ့သနည်း..။

တစ်နေရာရာမှ တစ်ချက်ချင်း ထွက်ပေါ်နေသော အသံသဲ့သဲ့ကလေး တစ်ခုကို သူမကြားနေရသည်။ ဘယ်နားကပါလိမ့်။ တံစက်မြိတ်အစွန်းမှ နှင်းစက်တစ်ပေါက်ချင်းကျသည့် အသံမျိုး (သို့မဟုတ်) သောက်ရေအိုးစင် ရေခံခွက်ထဲသို့ စိမ့်၍ကျလာသော ရေစက်ရေပေါက်၏ အသံမျိုး (သို့မဟုတ်) ဘုရားရေ ခုတင်ကြမ်းခင်းမှ စိမ့်၍ သမံတလင်းပေါ်သို့ တစ်စက်ချင်းကျနေသော သွေးစက်ကျသံများလား ..

မူးဝေမှုန်ဝါးနေသော မျက်လုံးအစုံသည် မျက်နှာကြက်ပန်ကာကို အလျင်ဆုံး မြင်ရ၏။ ပန်ကာသည် ဖြည်းညင်းတိုးတိတ်စွာ လည်ပတ်နေသည်။ ဒါ ငါ့အခန်းများလား၊ သူမတို့အခန်းတွင် မျက်နှာကြက်ပန်ကာ မရှိပါ။ မျက်လုံး၏ အမြင် ဧရိယာအတွင်း ဖြူဖွေးဆွတ်သော အုတ်နံရံ ဖြူဖြူကိုသာ မြင်ရသည်။ အို .. သူမ ဆေးရုံရောက်နေသလား။ လောကတစ်ခုလုံး သူမတစ်ဦးတည်း ရှိသကဲ့သို့ တိတ်ဆိတ်နေသည်။

သူမ၏ ၀မ်းဗိုက်အောက်ပိုင်းဆီမှ အဆမတန် နာကျင်သော ဝေဒနာကို စူးစူးရဲရဲ ခွှန်မြစွာ ခံစားလိုက်ရလေသည်။ စုတ်သပ်ညည်းညူတော့မလို ဖြစ်သွားပြီးမှ သူမ အံကို ကြိတ်ထားလိုက်သည်။ ဖြန့်ထားသော လက်ဖ၀ါးများကို တင်းတင်းဆုပ်ပစ်လိုက်သောအခါ ဘယ်ဘက်လက် လက်ဖျံအပေါ်ပိုင်းဆီမှ ဆစ်ခနဲ နာကျင်သွား၏။ ခေါင်းငဲ့ကြည့်လိုက်မှပင် သူမလက်တွင် ပိုက်တန်းလန်းနှင့် အပ်ကြီးကြီးတစ်ခု သွင်းထားကြောင်း သိလိုက်ရသည်။ ထို့နောက် တိုင်မှာချိတ်ထားသော သွေးပုလင်း၊ တစက်ချင်းနှေးကွေးစွာ ကျဆင်းနေသော သွေးရည်များ ..။

တစ်နေရာမှ တံခါးတစ်ချပ် ပွင့်သွားသည်။

"ဟော .. ယူ့မိန်းမလေး နိုးနေပြီ"

ဤအသံမှာ သူစိမ်းတစ်ယောက်၏ အသံမဟုတ်ပါ။ အသံလာရာသို့ စောင်းငဲ့ကြည့်လိုက်သောအခါ သူမ၏ ဆရာဝန်နှင့်အတူ ယခုအချိန်တွင် သူမအမြင်တွေ့ချင်ဆုံးသော လင်ယောက်ျားအား တွေ့လိုက်ရလေသည်။ သွက်လက်သော ဆရာဝန်၏ နောက်ဘက်မှ သူသည် မေ့လျော့စွာ လမ်းလျှောက်နေသကဲ့သို့ တွန့်တွန့်ဆုတ်ဆုတ် လျှောက်လာနေ၏။

သူ့မျက်နှာသည် တစ်စုံတစ်ခုကို နင့်နင့်သီးသီး ဆုံးရှုံးပြီးခါစ လူတစ်ယောက်၏ မျက်နှာဖြစ်သည်။ အမြဲတမ်း သပ်ရပ်သော သူ့ဆံပင်သည် မသေမသပ် ပွယောင်းလျက်ရှိသည်။ ပါးလှစ်၍ စုဝန်းသော သူ့နှုတ်ခမ်းတို့သည် လေစိမ်းတိုက်ခံထားရသလို ခြောက်သွေ့၍ အရေခွံကွာတော့မလို ဖြစ်နေသည်။ သူသည် သူမ၏ ညာဘက်ဘေးတွင် မတ်တတ်ရပ်လျက် ငုံ့ကြည့်သည်။

"မိုးမိုး နေကောင်းလားဟေ့"

"ဟုတ်ကဲ့"

သူမအသံတွင် အားနည်းမှု၊ မချိတင်ကဲ ၀မ်းနည်းမှုများ စိုးစဉ်းမျှ မပါစေရ။

"ကံကောင်းလို့ မိုးမိုးရေ၊ ကိုယ်ဆေးခန်းကို သယ်လာတော့ မိုးမိုးရဲ့ သွေးပေါင်ချိန်ဟာ သုည ဖြစ်ခါနီးနေပြီ"

သူမသည် သွေးပေါင်ချိန် သုညဖြစ်ဖြစ်၊ တစ်ဖြစ်ဖြစ် ဂရုစိုက်လိမ့်မည် မဟုတ်ပါ။

"ကဲ ကိုယ်ခဏသွားလိုက်ဦးမယ်၊ လိုတာရှိရင် အပြင်ခန်းက ဆရာမလေးဆီပြော၊ ဟုတ်လား။ ယူ့မိန်းမ မသေနိုင်တော့ပါဘူးကွယ်၊ အေးအေးဆေးဆေး စကားပြောရစ်၊ ဟုတ်လား"

သူသည် ဆရာဝန်မကြီးကို လုံးဝ လှည့်မကြည့်ပါ။ သူစိတ်ဝင်စားနေသည်မှာ သူမမျက်နှာဖြစ်၏။

သူမသည် ရုတ်ခြည်းရစ်ဝဲ လျှံတက်လာသော မျက်ရည်များကို ရှက်ရွံ့စိတ်ဖြင့် မျက်တောင်ခတ်သိမ်း ဖယ်ပစ်လိုက်၏။ သူ အကဲခတ်နေကြောင်း သေချာသည်။ သူမ တိတ်ဆိတ်စွာ အနေရခက်လျက် သူမကိုယ်ပေါ်မှ သက္ကလပ်စောင်ကို မှတ်မိဖို့ ကြိုးစားနေသလို စူးစိုက်ထားလိုက်သည်။ ကြည့်ပါဦး၊ အစိမ်းရောင်စောင်ကြီး၊ ကျက်သရေမရှိလိုက်တာ။ သို့သော် သူမ အလွန်အမင်း စိတ်ထိခိုက်နေကြောင်း ကိုယ့်ကိုယ်ကို လိမ်ညာ၍ မရပါ။

သွေးသွင်းထားသော လက်ဖျံတွင် ယင်ကောင်ကလေး လာနားသည်ကို သူမ၏ ညာဘက်လက်ဖြင့် ဖယ်ပစ်ရန် အားယူလိုက်သည်။

ဘုရားရေ .. သူမ၏ ညာဘက်လက်တွင်လည်း ပိုက်တန်းလန်းနှင့်ပါလား။ အရောင်မဲ့သော အရည်များသည် ပိုက်တစ်လျှောက် နှေးကွေးစွာ ကျလျက်ရှိ၏။

"ကိုယ်ဝန်ပျက်ကျသွားတယ်"

ကြားလိုက်ရသည့် အသံသည် တစ်ခါမျှ မရင်းနှီးဖူးသော သူစိမ်းတစ်ယောက်၏ အသံဖြစ်နေ၏။ သူ့အသံထဲတွင် နာကျင်မှုနှင့်အတူ မယုံကြည်နိုင်မှုပါ တွဲဖက်နေကြောင်း ခံစားလိုက်ရသည်။

"ဟုတ်လား"

သူမသည့်ထက် ၀မ်းနည်းဖို့ ကောင်းသည်ဟု သူထင်ပေလိမ့်မည်။ စူးစိုက်သော သူ့မျက်လုံးများ လက်ခနဲ အရောင်စွတ်စိုသွားပြီး တစ်ဖန်ပြန်မှိန်ဖျော့သွားလေသည်။ သူ့နှုတ်ခမ်းများ တင်းစေ့ထားပုံမှာ ဘယ်တော့မျှ အာဃာတ မပြေနိုင်မည့် အနေအထားမျိုးဟု ထင်ရသည်။

"သားလေးလား"

တိုးတိတ်အားပျော့သော သူမမေးခွန်းကြောင့် သူ့မျက်နှာသည် အမှတ်မထင် နာနာကျင်ကျင် အရိုက်ခံလိုက်ရသလို တုန်ခါသွားသည်။ သူမကို မယုံကြည်နိုင်သလို နားမလည်နိုင်သလို သတိလက်လွတ် စူးစမ်းကြည့်နေပြီးမှ 'သား..' ဟု အံကြိတ်ပစ်လိုက်ရင်း ဖြေလေသည်။

ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ပါပဲလား။ သူ အင်မတန် လိုချင်သည့် သားကလေးပေါ့၊ နောက်ပြီး သူ့ရုပ်ရည်နှင့်လည်း တူနေလိမ့်မည်ဟု သူမလောင်းရဲသည်။ ဆံပင်ကလည်း သူ့လို လှိုင်းတွန့်ဖွာနေလိမ့်မည်။ သူ့ကိုယ်ပွားကလေး။

"သားလေးကို ကြည့်ချင်သေးလား"

မထင်မှတ်သော မေးခွန်းကြောင့် သူမ တုန်လှုပ်သွား၏။ သူက သူမကို သေသေချာချာ စိုက်ကြည့်ပြီးမှ မျက်စိလွှဲလျက် 'ကြည့်စရာတော့ မရှိဘူး'ဟု သူ့ဘာသာသူ ရေရွတ်နေသလို သတိလက်လွတ် ပြော၏။

ဟင့်အင်း .. မပြောပါနဲ့။

"မင်း သိလားဟင်၊ နာကျင်မှုကို သူ.. သိတယ်"

"အို.."

နာကျင်မှု၊ ကျဉ်ခနဲ စူးရှတဲ့ အောင့်သွားသော ရင်ညွန့်ဆီက ဝေဒနာသည် တစ်သက်လုံး မပြေပျောက်နိုင်တော့သလိုပင် ဖြစ်၏။ သူမ မေ့ထားချင်သော အကြောင်းအရာကို သူအစဖော်ပေးလိုက်ခြင်း ဖြစ်သည်။ သူမ ငိုချင်ပြင်းပြစွာ မျက်စိအစုံကို မှိတ်ပစ်လိုက်မိ၏။

"သားရယ်"

သူမသည် ထောင့်စုံအောင် ကြည့်တတ် မြင်တတ်သူ မဟုတ်ပါ။

'လုံးဝ အဓိပ္ပါယ်မရှိတာ' သူသည် အမှတ်တမဲ့ ပွင့်အန်ထွက်လာသော ယူကျုံးမရစိတ်ဖြင့် တောက်တစ်ချက် ခေါက်လိုက်လေသည်။

"ဒီအတွက် ကျွန်မတို့ နှစ်ဦးသဘောတူ ပြတ်စဲလိုက်ကြမလား"

စကားသံသည် သိပ်အားစိုက်ဖို့မလိုဘဲ ပေါ့ပေါ့ပါးပါး ထွက်သွားသည်။ သူနှင့် ကွာရှင်းပြီးလျှင် သူမ နောက်အိမ်ထောင် ပြုရဦးမည်။ အနည်းဆုံး သားကလေးတစ်ယောက်လောက် မွေးဖွားရဦးမည်။

"ပြတ်စဲဖို့မလိုပါဘူး၊ မင်းကို ငါလိုချင်လို့ ယူထားတာ၊ မင်းဟာ သေတဲ့အထိ ငါ့မိန်းမပဲ ဖြစ်နေရမယ် နားလည်ရဲ့လား"

သူ့အသံမှာ ကြမ်းရှနေ၏။

သူမတို့နှစ်ယောက်သည် အချစ်ဟူသော အင်အားတစ်ရပ်ကို မေ့လျော့ထားကြသူများဖြစ်သည်။ သူက သူမထံမှ သားသမီးများစွာ ရအောင်ယူဖို့ ဆုံးဖြတ်လိုက်ဟန်ရှိသည်။ ရှင် ကျွန်မဆီက ဘာကလေးမှ မရစေရဘူး။ သူမ ဘာစကားမှ ပြန်မပြောပါ။ ဤလျှို့ဝှက်ချက်ကို ဘယ်တော့မှ မပေါက်ကြားစေရ။

"သားရဲ့ ကိုယ်ဝန်ကို ထိန်းသိမ်းကာကွယ် မပေးနိုင်ခဲ့တဲ့အတွက် ၀မ်းနည်းပါတယ် မောင်"

ယုံကြည်မှုတစ်ခုအတွက် မောင် ဟု ခေါ်လိုက်၇သော သူမ၏ နှုတ်ခမ်းဖျားများ ခါးသက်လျက်ရှိ၏။ နှလုံးနာသလို ဖြစ်သွားသည်။ ဤနာမည်သည် သူမအတွက် စက်ဆုပ်ရွံရှာဖွယ်အတိ ဖြစ်၏။

"ဒါထက် ၀မ်းနည်းစရာတစ်ခု ကျန်သေးတယ်"

သူမမျက်လုံး ဖွင့်ကြည့်လိုက်သောအခါ သူမကို စူးစူးရှရှ ကြည့်နေသော၊ အေးစက်၍ အငွေ့ပျံနေသော မျက်လုံးတို့ကို ရင်ဆိုင်လိုက်ရသည်။

"မင်းရဲ့ သားအိမ် ထုတ်ပစ်လိုက်ရတယ် တဲ့"

"ဘာ"
ခက်ထန်တုန်လှုပ်သော သူမအသံတွင် ခါးသီးမှုအပြည့်အ၀ ပါဝင်သွား၏။

မတ်တပ်ရပ်နေသော သူသည် သူမထံသို့ ကိုင်းညွတ်လျက် ရင်တထိတ်ထိတ် ခုန်နေသော သူမကို တိုးတိတ်စွာ စကားပြောလေသည်။ တ၀ုန်းဝုန်း ဆူညံနေသော လေတိုးသံနှင့် နားအစုံမှာ အာရုံပြန့်ကျဲလျက်ရှိသည်။

"သားအိမ်.. ချုပ်လို့မရအောင် .. သွေးလွန် .. ထိခိုက်မှု.. သွေးလွန် .. ၀မ်းနည်းစရာကောင်းတာက .. အသက်ကို ရအောင် လုလိုက်ရတဲ့အတွက် .."

"ဘုရား.. ဘုရား"

"စိတ်မဆင်းရဲပါနဲ့၊ ကလေးမရနိုင်တော့တာကလွဲရင် အားလုံး ပုံမှန်"

"မဟုတ်ဘူး"

အသံကုန်ဟစ်၍ အော်ပစ်လိုက်သော်လည်း သူမ မမှတ်မိသော အက်ကွဲကွဲ သူမအသံသည် အဝေးကြီးမှ လာသလို သဲ့သဲ့လေးသာ ဖြစ်သည်။

သူမ မယုံပါ။ အိပ်မက် မက်နေတာ မဖြစ်နိုင်ဘူးလား။ အိပ်ဆေးကြောင့် ကယောင်ချောက်ချား ဖြစ်မေနေနိုင်ဘူးလား။ သို့သော် သူ့မျက်လုံးများ၏ အရိပ်အငွေ့ထဲတွင် ဤအဖြစ်အပျက် အမှန်တကယ် ဖြစ်သွားကြောင်း ရိပ်မိ မြင်တွေ့နေရသည်။ သူမ တစ်ကိုယ်လုံး လေတွင် လွင့်မျောသွားသလို ထင်မိသည်။

အဓိပ္ပါယ်မရှိတာ၊ သူမတစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလျက် ထိတ်လန့်ခြင်းကြီးစွာ ယူကျုံးမရ ခံစားရသည်။ မယုံဘူး၊ သို့သော် အမှန်တရားသည် သူမကိုယ်ပေါ်မှာ အုတ်နံရံဖြူဖြူပေါ်မှာ၊ စေ့လာသော တံခါးချပ်ပေါ်မှာ၊ တစ်စက်ချင်းကျနေသော သွေးပုလင်းထဲမှာ၊ မျှော်လင့်ချက် ပြိုကွဲပျက်စီးသွားသော သူ့မျက်လုံးထဲမှာ..။

နောက်ဆုံးတော့ သူမ တွက်လိုက်သော ပုစ္ဆာသည်လည်း ပြင်၍မရလောက်အောင် ကြောက်မက်ဖွယ်ရာ မှားယွင်းနေပါပကောလား။

ဟင့်အင်း၊ မဖြစ်နိုင်ဘူး။

လက်ဖျံနှစ်ဘက်မှ နာကျင်မှု၊ ခါးအောက်ပိုင်းမှ နာကျင်မှု၊ အမျိုးမျိုးသော နာကျင်မှုတို့ကို ကျော်လွန်လျက် စူးစူးနစ်နစ် နာကျင်လာသည်မှာ နှလုံးဆီမှ ဖြစ်သည်။ သူမ အသက်ရှူ ရပ်သွားမတတ် သတိလက်လွတ် ဖြစ်သွား၏။

ရုတ်တရက် ကိုယ့်ကိုယ်ကို ဘာလုပ်မိမှန်းမသိခင် ရှိုက်ကြီးတငင်ငိုလျက် အိပ်ရာမှ ရုန်းကန်ထလိုက်မိတော့သည်။

"မိုး"

အားမာန်ပါသော သူ့အသံနှင့်အတူ သူမကို ညင်သာစွာ (သို့မဟုတ်) ခိုင်မြဲစွာ ထိန်းချုပ်ဖိတွန်းလျက် အိပ်ရာပေါ်မှာပင် ငြိမ်သက်စွာ လဲလျောင်းနေစေသည်။ သူမ ၀မ်းပန်းတနည်း ငိုသည်ကို စိတ်ရှည်လက်ရှည် ရပ်ကြည့်နေ၏။

"ဒါ .. ဒါ ညာပြောတာမဟုတ်လားဟင်"

သူ့မျက်လုံးမှ အဖြေမှန် မြင်နေလျက်က မေးမိပြန်သည်။ သူသည် ခေါင်းကို ညင်သာစွာ ခါယမ်း၍ (သူမ၀မ်းဗိုက်ဆီသို့) ငေးမောနေသည်။ သူ့မျက်လုံးမှာ စောစောက မြင်ခဲ့ရသော အာဃာတများ၊ ခက်ထန်မှုများ လုံးဝပျောက်ကွယ်လျက် သိမ်မွေ့သော ကြေကွဲမှု သက်သက်ကိုသာ မြင်ရသည်။

"ကျွန်မ မျက်ရည်ကို မြင်ချင်ရုံသက်သက်နဲ့ လိမ်ပြောတာလို့ ပြောလိုက်စမ်းပါ မောင်ရယ်"

'မောင်' ဟု သူမနှုတ်ဖျားမှ ချိုမြစွာ အားကိုးစွာ ခေါ်လိုက်မိမှန်း သူမ သတိမထားလိုက်မိပေ။ သူမကိုယ်ခန္ဓာထဲမှာ ရှိခဲ့ဖူးသော အင်အားများ ရုတ်တ၇က် ဆုံးရှုံးဖျော့နွမ်းကာ မောဟိုက်ပူလောင်နေ၏။ သူသည် သူမမျက်နှာဆီသို့ ငုံ့ကိုင်း၍ သူမနဖူးကို အညင်သာဆုံး နမ်းလေသည်။ နဖူးပေါ်မှ စိုစွတ်သွားသော မျက်ရည်စက်၏ အတွေ့ကို မယုံကြည်နိုင်စွာ သူမ ခံစားသိရှိလိုက်၏။

သူမ ဘယ်လို အသက်ရှင် ရပ်တည်ရပါ့မလဲ။

သူမ ဘယ်လို သေဆုံးသွားပါ့မလဲ။

ဘုရားသခင်သည် သူမထင်ထားသည်ထက် စောစီးစွာပင် သူမကို အပြစ်ဒဏ်ခတ်လိုက်ပြီ။

Monday, September 8, 2008

အချစ်စစ်၏အင်္ဂါများ (သို့) ပြည့်စုံသောအချစ်စစ်၏အင်္ဂါများ

မေတ္တာ = မရောက်သေးသောဒုက္ခများ မရောက်အောင်ကြိုတင်ဆောင်ရွက်ခြင်း။

ကရုဏာ = ရောက်နေသောဒုက္ခများကို ပပျောက်အောင်ဝိုင်းဝန်းဆောင်ရွက်ခြင်း။

မုဒိတာ = အောင်မြင်ချမ်းသာပျော်ရွှင်သည်ကို တွေ့လျှင်ကြည်နူးကျေနပ်ခြင်း။

ဥပေက္ခာ = မိမိကို ထိခိုက်စေသသည့်ကိစ္စများကို အပြစ်မတင်ဘဲ ခွင့်လွှတ်ခြင်း။

မည်သည့်အချစ်မျိုးမဆို အထက်ပါအင်္ဂါလေးရပ်နှင့်ပြည့်စုံလျှင် အမှန်တကယ်ချစ်တာပါလို့ဟုသတ်မှတ်ရပါမည်။

လူသားအားလုံးအချစ်ရဲ့ အရသာကိုခံစားနိုင်ကြပါစေ။
လူသားအားလုံး တကယ်ချစ်တဲ့သူတွေဖြစ်ကြပါစေ။
အချစ်ကြောင့်လောကကြီးသာယာလှပပါစေ။

Sunday, August 31, 2008

အမှတ်မထင်ရရှိသော အတွေးအခေါ်

သြော် လောကတစ်ကွေ့ သံသရာမှာလူတွေဟာတွေ့ဆုံကြုံကွဲနေကြပါလား။ အခုတွေ့ကြ၊ ခင်ကြမင်ကြတာတွေလည်း တွေ့ကြုံစဉ်က အချိန်ကြာမြင့် လှတယ်လို့ထင်ခဲ့ရပေမယ့် တကယ်တမ်းဝေးကွာသွားရပြီဆိုရင် လွမ်းပမ်းတဿနဲ့ ထိုခဏလေးကို ပိုက်ဆံပေး ပြန်ဝယ်လို့မရအောင် နှမြောတဿဖြစ်မိကြပါတယ်။ အကြောင်းတစ်စုံတစ်ရာ ကြောင့် ဝေးကွာသွားကြတဲ့သူတွေမှာလည်း တိုက်ဆိုက်မှုတစ်ခုကြုံကြုံလေသမျှ အလွမ်းရဲ့ အငွေ့အသက်အောက်မှာပဲမျောလွင့်သွားကြတာပါပဲ။ ကမ္ဘာကြီးတစ်ခုအတွင်းမှာရှင်လျက်နဲ့ ဝေးကွာလွမ်းဆွတ်နေတာနဲ့ ကံကုန်လို့ သေဆုံးသွားတဲ့အတွက်ပူဆွေးလွမ်းတာ အမျိုးအစားမတူပေမယ့် ပူလောင်မှုဟာတော့ ဘယ်အရာမှရော့မယ်မထင်ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲ ဝေးကြဝေးကြ တစ်ယောက်နဲ့တစ်ယောက် ကံအကြောင်းသင့်လို့ ခဏတာ တွေ့ဆုံခိုက် နောင်တများမရမိလေအောင် အတတ်နိုင်ဆုံး ဖေးမကူညီမိကြဖို့ အရေးကြီးလှမှန်း သဘောပေါက်နားလည်ခဲ့ပါပြီ။

ငယ်စဉ်တောင်ကြေးခလေးဘဝတုန်းကလည်း အဖွားရဲ့ ဆုံးမစကားတစ်ခွန်းကို ယခုထက်ထိမှတ်မိနေလေရဲ့။ လူတွေဟာတွေ့ဆုံချိန်ကြုံကွဲမို့လို့ ကြုံတွေ့စဉ်လေး တစ်ယောက်နဲ့တစ်ယောက် အာကာတများမထားမိအောင်၊ ကိုယ့်အပေါ်ရန်လိုလာသူများ ကိုလည်း သည်းညည်းခံဖို့မှာကြားခဲ့တဲ့ စကားလေးပဲဖြစ်ပါတယ်။ အစ်မတစ်ယောက် လိုခင်တဲ့ အစ်မရဲ့ အဖေဆုံးပါး သွားတာကိုမြင်ရပြီး အလွန်အမင်းစိတ်ဓာတ်ကျဆင်းနေတဲ့ ကောင်မလေးတစ်ယောက်ဟာ ဒီကမ္ဘာမှာ ငါတစ်ယောက်တည်း အားငယ်ပူပန်ဆင်းရဲ နေတာမဟုတ်ဘူးကိုး။ ငါပဲတစ်ယောက်တည်း အချိန်တိုင်းလိုလိုအားငယ်နေတာ သိပ်အဓိပ္ပာယ်မရှိလှဘူး၊ ငါ့ထက်အားမရှိတော့တဲ့သူတွေကို အားနာသင့်တယ်လို့ စိတ်ဓာတ်အသစ်မွေးဖွားဖို့ လမ်းစလေးတစ်ခု ကိုမြင်ယောင်လာတယ်။

ပျော့ညံ့တဲ့စိတ်ဓာတ်ဟာ ဘယ်အရာအတွက်မှ အောင်မြင်မှုကို မပေးစွမ်းနိုင်သလို ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံနေရသလိုပါပဲ ဘာအဓိပ္ပာယ်မှမရှိလှဘူး။ ပျော့ညံ့နေတဲ့စိတ်တွေကို တတ်နိုင်သလောက်ပြင်ဆင်အမှားပြင်ရင်း လောကဓံကြီးကိုကြံ့ ကြံ့ ခိုင်နိုင်အောင်ကြိုးစားရဦးမှာပါလား......

Friday, August 29, 2008

အချိန်မီ

ငါမဟုတ်သောငါ.....အချိန်တော်တော်ကြာကျဆင်းသွားခဲ့တဲ့စိတ်ဓာတ်တွေ
မြေပြင်ပေါ်မှပြန်ထနိုင်အောင် သံမဏိလိုခိုင်မာနိုင်အောင်နေပူလှန်းရပေအုံးမယ်
သို့မဟုတ်လျှင် အဘယ်တစ်ရွာဆီလမ်းစရှာမရအောင် တိမ်တွေလိုမျောလွင့်စွာ
တာရှည်စွာခရီးဆက်ရင်း အဘယ်မည်သူမျှမသိရှာဘဲ ကမ္ဘာမြေပြင်တစ်ရာဝယ်
ကြေမွစွာပျက်စီးရပေတော့မည်

Wednesday, August 20, 2008

မေတ္တာစေကျွန်

နှောင်ကြိုးမျက်ရည် သွန်းကာမိုးလို့
အလွမ်းစေတမံ လက်ဆောင်ပါးခံခဲ့
ဖြူစင်မေတ္တာ အကြာင်းမထင်ထိပါးမြေခ
ရက်စက်အသည်း ရင်ဝယ်ပိုက်၍
နှုတ်ဝယ်စကား လွယ်စွာထွက်၏။
ဪ~~
အိုဘယ့်ဝဋ်ကြွေး ရှိလေသမျှ ရှောင်လွဲမလွတ်တမ်း
မင်းပျော်တော်ဆက် အပါးတော်ဝယ် ဖြူစင်နှလုံးစတေးခံ၍
မေတ္တာရေတံခွန် သွန်းလောင်းအပ်နှင်း မညည်းမညူ
သည်းခံစောင့်စည်း မေ့အပ်ဘဝ မေတ္တာစေကျွန်မောင်းမတော်ဝယ်
သွင်သွင်စီးကျ မိုးဖြူပမာ အညတညဘဝဖြစ်အင်ထင်ရှားသိမြင်
အိုဘယ့်ရန်ငြိုးထားလိုသော်ငြား မူလဖြူစင် အရင်းခံမေတ္တာ အံမတုလို၍ အရှုံးသာပေးအပ်သည်
သံသရာတကွေ့ ဝဋ်ကြွေးရှိသ၍ဆပ်ရလေအံ့ဟု မှတ်ယူအမျက်လျော့
ထိုဖြူစင်တန်ခိုး စွမ်းအင်ဟူသမျှ ယခုမှေးမိန်ပျောက်ကွယ်နေသော်ငြား
တစ်နေ့တန်ပြန် အကျိုးတူညီရအံ့လတ္တံ့ဟု ပြောင်းလဲဖြစ်အင် ကုသိုလ်အဖြစ်
လျစ်လျူစော်ကား အသိအမှတ်မပြု ထိုထိုမေတ္တာ ရည်ကြည်သည်ကား
မယုံကြည်အလေးမထားသူတို့၌ တန်ဖိုးအဘယ်မထင် သုညတဆိုက်သော်ငြား
အနှိုင်းမဲ့တန်ဖိုး အဘယ်ကျောက်မျတ်ရတနာပေးဝယ်မရ ထာဝရတည်မြဲ၏
ဖြူစင်မှုအားအရင်းခံ၍ ထိုမင်းထံဝယ် တန်ပြန်အဖိုးမရယူလို ရှိစေအပ်သည်
မေတ္တာစေကျွန်၏ လက်ဆောင်ပေပါတကား။

Thursday, August 14, 2008

အမေ့ထံမှရသော အနှိုင်းမဲ့မေတ္တာ

ကလေးတိုင်းဟာမသိတတ်တဲ့အရွယ်ကစပြီး သူ့တို့အမေတွေရဲ့ မေတ္တာမှာခုံမင်ကြတယ်။ ရုတ်တရက်မျက်စိအောက်က ပျေက်သွားခဲ့ရင်လည်း လိုက်ရှာတတ်တယ်။ တကယ်တော့သတ္တာဝါတိုင်းဟာ မိခင်မရှိရင်ဖြစ်လာမှာမဟုတ်လို့လေ။ ထိုသတ္တာတွေဟာ မွေးဖွားပြီးပြန်ရင်လည်း မိခင်ရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ မိခင်ထံမှအာဟာရလည်း လိုအပ်တယ်လေ။ ကမ္ဘာပေါ်မှာ အကြင်နာတတ်ဆုံး နဲ့ နွေးထွေးမှုကိုပေးနိုင်ဆုံး လူဟာလည်း မိခင်ပဲဖြစ်တယ်။ ဘုရား၊ တရား၊ သံဃာ ထံမှာ နွေးထွေးအေးချမ်းမှုကိုမရနိုင်ဘူးလို့ မဆိုလိုပါဘူး။ ရတနာသုံးပါး ဆိုတာ လူတိုင်းအတွက် အားကိုးနိုင်တဲ့ အေးချမ်းတဲ့ဓမ္မတွေကို ပေးစွမ်းတဲ့အဖိုးဖြတ်လို့မရတဲ့ ရတနာတွေပါပဲ။ မိခင်မေတ္တာဆိုတာကလည်း သတ္တဝါတိုင်းအတွက်နွေးထွေးပြီး စစ်မှန်တဲ့မေတ္တာရည်ကြည်ကို ပေးစွမ်းနိုင်တဲ့ တန်ဖိုးမဖြတ်ထိုက်တဲ့အရာပါပဲ။ မိခင်ရဲ့ မေတ္တာကို အရင်မဖွဲ့ခင် မေတ္တာဆိုတဲ့ဝေါဟာရ အဓိပ္ပါယ်ကိုပြောပြချင်ပါသေးတယ်။

အများစုဟာမေတ္တာလို့ ပြောလိုက်ပြီဆိုရင် ဖို၊ မ မေတ္တာကိုပဲမြင်ကြတယ်။ Lilly ကိုယ်တိုင်လည်း ငယ်ငယ်တုန်းက လူတွေပြောနေကြကိုတွေ့ဖူးပါတယ်။ မေတ္တာဆိုတဲ့ စကားလုံးကြားလျှင် လူတွေဟာပြုံးစိပြုံးစိနဲ့ နောက်ချင်ပြောင်ချင်လာကြတယ်။ အမှန်တော့ မေတ္တာဆိုတဲ့ စကားလုံးဟာ အလွန်ကျယ်ပြန့် မှန်းဘုန်းတော်ကြီးတစ်ပါးရဲ့တရားတော်မှာ သတ္တာဝါတိုင်း အတွက်မေတ္တာဓာတ်ပေးတဲ့အဓိပ္ပါယ်ကို နာကြားပြီးနောက်မှာသိခဲ့ရတာပါ။ အဲဒီတရားတော်ထဲမှာမေတ္တာရဲ့ တန်ခိုး အကြောင်းရှင်းပြထားချက်အရဆိုရင် ရောဂါပြင်းထန်စွာ စွဲကပ်နေတဲ့လူမမာဟာ ဘုန်းဘုန်းရဲ့ နက်ရှိုင်းတဲ့မေတ္တာပို့သမှု ကြောင့်ရောဂါပျောက်ကင်းသွားရတာတွေလည်းရှိပါတယ်။

အခုလူတွေမှာလည်း မေတ္တာအနည်း၊ အများအလိုက်တစ်ယောက်နဲ့ တစ်ယောက်ပေါင်းသင်းဆက်ဆံ နေကြတာပါပဲ။ တစ်ယောက်နှင့်တစ်ယောက် မေတ္တာလုံးဝမထားနိုင်ကြတော့ဘူးဆိုရင် လူလူချင်း မခေါ်နိုင်မပြောနိုင်ဖြစ်ကြစမြဲပင်။ သတ္တဝါတို့အပေါ်မေတ္တာထားကြပါလို့ ဆိုရာမှာလည်း လူလူချင်းသာမက တိရိစ္ဆန်တွေအပေါ်မှာ လည်း မေတ္တာထားတတ်ဖို့လိုပါတယ်။ မေတ္တာဆိုတဲ့စကားလုံးကို အတိုချုံးမယ်ဆိုရင် ကိုယ်ကသာပေးလို၍ သူတစ်ပါးထံမှပြန်လည်ရဖို့ မမျှော်ကိုးချင်း၊ အပေးသာရှိ၍ အယူမရှိခြင်း၊ တနည်း စုန်ရည်သာစီးဆင်းပေး၍ ဆန်ရည်မတတ်ခြင်း သဘောပင်။ ဖြူစင်သောမေတ္တာမှာ သူတစ်ပါး၏ ကောင်းကျိုးအတွက်သာ အာရုံပြု၍ဆုတောင်းပေးခြင်း(သို့) ကိုယ်ထိလက်ရောက် လိုက်လံဆောင်ရွက် ပေးခြင်း၊ ထိုသို့ ပြုလုပ်လိုက်မိသည့်အတွက် တန်ပြန်ကောင်းမှုအကျိုး ကျေးဇူးမမျှော်မှန်းခြင်းလို့ သဘော သက်ရောက်ပါတယ်။ အဲဒါကို ရှင်းလင်းအောင် ဥပမာပြရမယ်ဆိုရင် မိဘထဲမှ မိခင်မေတ္တာကို ထုတ်ဖော်ပြောပြလျှင် အကုန်လုံးမြင်သာမယ်လို့ထင်ပါတယ်။

လူတိုင်းမှာတော့ယခုထက်ထိ မိခင်ရှိချင်မှရှိကြလိမ့်မယ်၊ မိခင်ရဲ့ မေတ္တာကိုတော့တော်တော်များများ နားလည်ကောင်းနားလည်ကြပါလိမ့်မယ်။ Lilly အမြင်အနေနဲ့သိလိုက်ရတဲ့မခင်မေတ္တာကိုအားလုံးနဲ့ မျှဝေခံစားပြောပြချင်လို့ပါ။ Lilly မှာမောင်နှမဆိုလို့ သူများတွေလို အများကြီးမရှိပါဘူး။ အစ်မတစ်ယောက်ပဲ ရှိပါတယ်။ အစ်မတွေအများကြီးမရှိပေမယ့်လည်း အိမ်မှာကိုယ့်ထက် အကြီးတွေပဲမို့လို့ Lilly က အငယ်ဆုံးဖြစ်နေတယ်လေ။ အမေကသူ့မောင်နှမတွေထဲမှာ မိန်းကလေးထဲမှာ အကြီးဆုံးဆိုတော့ အိမ်မှာအစစအရာရာ လုပ်ရတယ်လေ။ တစ်အိမ်လုံးအဝတ်လျှော်၊ လူကြီးတွေကိုကုညီ၊ မောင်လေးထိန်း အစရှိသဖြင့်ပေါ့။ အမေကသူ ပင်ပန်းသလို မပင်ပန်းအောင် သူ့သမီးနှစ်ယောက်ကို သူ့လိုမဖြစ်စေချင်ဘူးလေ။ အမေဟာ မောင်နှမကလည်းများ၊ သမီးကြီးလည်းဖြစ်နေတော့ မိဘရဲ့ ဂရုစိုက်မှုကိုသိပ်မခံရပါဘူး။ ဒါပေမယ့် သူဟာသူများတွေအပေါ်အရမ်းဂရုစိုက်တတ်တယ်။ စိုးရိမ်ကြီးလွန်းတယ်လို့လည်းခေါ်တာပေါ့နော်။ Lilly ဆိုလည်းအဲလိုပဲလေ။ အိမ်မှာအငယ်ဆုံးလည်းဖြစ်လို့ ဘာလုပ်လုပ်စိတ်မချဘူးလေ။ ဒီကလည်း အကျင့်ပါနေပြီလေ။ ငယ်ငယ်တုန်းကဆိုပိုဆိုးသေး ဘယ်မှမသွားတတ်၊ မလာတတ် နဲ့ လူမြင်ရင်လည်း သေအောင်ကြောက်တတ်တယ်။ ကိုယ့်နဲ့ စကားပြောလေ့ရှိတဲ့သူလောက်ပဲ မကြောက်တာ။ အစစအရာရာ အမေပဲအားကိုးရတယ်လေ။ ငယ်ငယ်တုန်းကဆို အဖေ့အလုပ်ကိစ္စကြောင့် နယ်ပြောင်းရလို့ လိုက်ပြီးကျောင်းလည်းပြောင်းရတယ်။ အဲဒီကျောင်းအသစ်မှာက စစချင်းဆိုတော့ သူတို့နဲ့လုံးစရိုက်မကိုက်ညီ ဘူး။ တစ်ခုခုအနိုင်ကျင့်ခံရပြီဆိုရင် အိမ်ပြန်ရောက်ရင်အမေပဲပြန်တိုင်လေ့ရှိတယ်။ အမေကကျောင်းအထိလိုက်လာပြီး ဖြေရှင်းပေးတယ်။ ဆရာမပဲဖြစ်ဖြစ်၊ အတန်းအဖော်ကိုပဲဖြစ်ဖြစ်ပေါ့နော်။ အဲဒီကျောင်းမှာက ဘယ်သူမှအမေကိုယ်တိုင် လာမဖြေရှင်းဘူးလေ၊ တော်ရုံတန်ရုံမကြည်လို့ရန်ဖြစ်ရင်လည်း သူတို့နိုင်တဲ့စကားတွေနဲ့ ဖိတတ်တော့ သူတို့လိုပြန်ပြောဖို့လည်း သတ္တိမရှိတော့ ပြန်မပြော နားမထောင်ပုံစံနဲ့ နေပေးလိုက်တယ်။ ပြီးအိမ်ပြန်ရောက်မှ တစ်လုံးမကျန်ပြန်ပြောပြတော့ အမေကမခံနိုင်တော့ဘူးလေ။ ကိုယ့်ကြောင့်အမေ အပူအပင်များအောင်လုပ်ခဲ့မိတယ်။ ကိုယ့်ဟာကိုယ်မဖြေရှင်းနိုင်ရင်လည်း ပါးစပ်ပိတ်ခဲ့ရမယ့်ဟာကိုလေ။

အဲဒီလိုအမေဂဂုစိုက်လို့ ကျောင်းကမိန်းကလေးတော်တော်များများက Lilly ကို အရမ်းမုန်းကျတယ်လေ။ နေရာတကာအမေစွဲစွဲခေါ်လာပြီးအမေက သူတို့ကို ဆုံးမစကား သွားပြောလို့လေ။ တစ်ခါကဆို ကျောက်ပြင်ခြေမပေါ်ပြုတ်ကျလို့ လမ်းမလျှေက်နိုင်ဘူးလေ။ ကျောင်းကို စက်ဘီးနဲ့တတ်ရတာဆိုတော့ စက်ဘီးစီးပြီးကျောင်းမတတ်နိုင်ဘူး။ ကျေင်းဝန်းထဲမှာလည်းစက်ဘီးစီးခွင့်မပေးထားဘူးလေ။ အမေကအခန်းထဲအထိ စက်ဘီးနဲ့နောက်မှာတင်စီးပြီး လိုက်ပို့တာမြင်တော့ အမေကိုချွဲပြီးပဲများချင်လို့ ကိုယ်ဟာကိုယ်မလာဘူးလို့ထင်ခံရတယ်လေ။ အမေကလည်း ထားလိုက်ပါသမီးရာ၊ သူတို့ပြောတာတွေ ခေါင်းထဲမှာထားမနေပါနဲ့လို့ပြောပါတယ်။ ဒီကလည်း ကိုယ့်ဟာကို အေးဆေးနေနေတာကို လာခနဲ့ ခံရတော့ ပိုပြီးအမြင်ကပ်ခံရအောင်ဘဝင်မြင့်ပြလိုက်တာပေါ့။ နဂိုတည်းကဘု ကျတာကို ဂွနဲ့ ကလော်တော့ ဘုဂလန့်လုပ်ပေးလိုက်တာလေ။ :P

ငယ်ငယ်ကတည်းကအခုထက်ထိ ကစ္စတိုင်းအမေပဲလိုက်စီမံပေးရလို့ စိုးရိမ်စိတ်တွေ ဝင်လာတယ်။ အမေမရှိတော့ရင်ဘာဖြစ်မလဲဆိုတဲ့အပူပါ။ တခြားသူတွေ ဘယ်လောက်ကောင်းကောင်း အမေလောက် ဘယ်သူကမှဂရုစိုက်တာမခံရဘူးလို့လေ။ ကြာလာတော့ အစစအရာရာ လိုက်လုပ်ပေးမနေဖို့ ပြောလည်း မရဘူးလေ။ အမြဲတမ်းလိုက်စိုးရိမ်နေပြီး ကိုယ့်ဟာကိုယ်အေးဆေးမနေတတ်လွန်းလို့ စိတ်ညစ်ရတယ်ပါတယ်။

ဒါပေမယ့် အမေဟာချစ်သလောက်အရမ်းကို စိတ်ဓာတ်ကျအောင်ဆူပါတယ်။ အသေးအဖွားကိစ္စကအစ လိုက်ဆူတယ်။ စိုးရိမ်လွန်တဲ့အကျင့်ကလည်းပါနေတော့ အဲဒီမဆူဖို့တားလည်းမရပါဘူး။ ဒါတွေဟာလည်း စေတနာဒေါသနဲ့ပြောမှန်းလည်းသိတော့ စိတ်အရမ်းညစ်လည်းသည်းညည်းခံရတာပေါ့လေ။ ဒါပေမယ့် တစ်ခါတစ်လေ စိတ်အရမ်းညစ်နေချိန်မှာ အဆူပဲခံနေရရင် ပြန်လည်းပြောမိတယ်၊ ကိုယ်လုပ်ချင်တာလည်း လုပ်မိတယ်။ သွေးအေးသွားတော့မှ ဘာမှပြန်မပြောပဲငြိမ်ခံနေဖို့ တင်းထားရက်နဲ့ ပြောမိသွားလို့ စိတ်မကောင်းဖြစ်မိတယ်။ ကျန်းမာရေးမှာလည်းအဲလိုပဲ သူဟာသူကျတော့ဂရုမစိုက်ပဲ သူများကိုလိုက်ပူနေတယ် လေ။ Lilly ကလည်း ပူချင်စရာကောင်းအောင် ခဏခဏချူချာပြနေတော့ ခက်တော့တာပေါ့။ ဒီကလည်းမိဘကိုကူညီ ရမှာကို မိဘကပြန်ကူညီနေတော့ ကိုယ်ဟာကိုအသုံးမကျတဲ့သူ လိုပဲမြင်လာတယ်။

လူတိုင်းလိုလိုမှာလည်းဒီလိုမိဘတွေရှိနေမှာပေါ့နော်။ အခုဒီစာလာဖတ်တဲ့သူတွေမှာလည်း ကိုယ်ကမကူညီနိုင်ပဲ မိဘရဲ့ အကူအညီပဲ ယူနေရရင်စိတ်ညစ်မိလားမသိဘူးနော်။ မိဘရှိတုန်းကျေးဇူးဆပ်တဲ့ သေမှာငိုပြီးနောင်တမရနဲ့လို့ သင်ခန်းစာတွေထဲမှာပါဖူးတယ်။ ဆရာ၊ ဆရာမတွေလည်းဆုံးမဖူးတယ်။ အဲဒါကိုမှတ်သားဖို့ စာမေးပွဲစာစီစာကုံးထဲမှာလည်း အဲဒီအကြောင်းကိုရေးသားဖော်ပြဖူးတယ်။ ဒါပေမယ့်လည်း အဲဒီဆုံးမစာတန်းကိုအခုထက်ထိမကျေပွန်နိုင်သေးလို့ စိတ်ဓာတ်တောင်ကျလာတယ်။

ဘာပဲပြောပြောဘယ်ကိစ္စမဆိုကိုယ့်ဘက်ကအကောင်းဆုံးဖြစ်အောင်လုပ်ရမှာပေါ့နော်။ ပျက်အစဉ်ပြင်ခဏ ဆိုသလိုပဲ အရာအားလုံးဟာ ပြင်လိုက်ရင်အကုန်ကောင်းသွားနိုင်တာကို မပြုပြင်ဘဲ ဖြစ်ပြီးသမျှတွေကို နောင်တပဲရနေမယ်ဆိုရင် ဘာမှအကျိုးထူးလာမှာ မဟုတ်ပါဘူးလေ။ အတိတ်ကိုပြန်မတွေးဘဲ ပစ္စုပ္ပန်တည့်တည့်ပဲကြည့်ပြီး ကောင်းအောင် နေသွားနိုင်မယ်ဆိုရင် ပြီးပြည့်စုံစိတ်တိုင်းမကျရင်တောင်မှ စိတ်ဖြေသိမ့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မိခင်မေတ္တာကို အလဟသက်မဖြုန်းတီးပစ်တန်ဖိုးထားနားလည်တတ်ဖို့ ကိုယ်ကိုယ်တိုင်သာမက တစ်တိုင်းပြည်လုံးမှာရှိကြတဲ့ သတ္တာဝါအားလုံးတို့အား မေတ္တာပို့ပေးလိုက်ပါတယ်ရှင် :-)

Friday, August 1, 2008

Photos

Have a nice view!!!