Thursday, October 30, 2008

"ကြွက်ထောင်ချောက်"

ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ်
ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲ လို့
စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာ
မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက
တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရ
အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့
သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ
ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး
အစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့ လေသံနဲ့ပြောလိုက်တယ်။
အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။
ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ ငါ့ခေါင်းလာမရှုပ်နဲ့ကွာ။
ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျ။
လို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး
ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ တကယ်တော့ ကျနော်အနေနဲ့
ခင်ဗျားကိုဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ သေချာတာတစ်ခုက
ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။
ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်း
ထပ်ပြောလိုက်တယ်။ နွားက ၀ိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့်
နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ။ လို့ ပြန်ပြောလိုက်တယ်။
ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကို
ပြန်ဝင်လာခဲ့တယ်။
အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါ တစ်ကောင်တည်း
ရင်ဆိုင်ရတော့မှာ ပါလား။
တစ်ညတော့ ဗြောင်း ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင်
တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။
လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့
ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့
အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။
အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။
ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။
အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။

အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ်
လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာ
ကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။

ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။
အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့
နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။
သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။

နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ
ကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။
လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို
စီစဉ်ရတော့တယ်။

ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ
စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ ငါနဲ့
မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် သတိရပါ။ ကျနော်တို့ထဲက တစ်ယောက်ယောက်ဟာ
ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ ကျနော်တို့ အားလုံးအပေါ်
ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက်ထောက်ပြီး ဂရုတစိုက်
ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း အားပေးပြီး အစွမ်းကုန် ကူညီတတ်ဖို့
လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲက
တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။



ဒါကတော့ တောင်အာဖရိက ကနိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့
စကားပါ။
ရှေ့ကပုံပြင်နဲ့မတူပေမယ့် မဆိုင်သလိုနေတဲ့သူတွေအတွက် ဥပမာပေးရာမှာတော့
နီးစပ်မှုရှိပါတယ်။

"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်...
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"
"If you are neutral in a situation of injustice,
you have chosen to side with the oppressor."

(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)

ဒေါသစိတ်

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်
ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို
အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း
သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်
။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။

အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။
ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း
ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို
ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့
နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို
ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး
သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို
ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။
ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက
အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။
အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ်
သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။
ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။
သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ
ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။
ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိ
ုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း
သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ်
ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို
ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ
ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ
ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို
အလိုလိုခံစားနိုင်မှာပါ။

ခုနှစ်ရက်သားသမီးများအတွက်ဗေဒင်

သူငယ်ချင်းတို့ရေ.. ဗေဒင်ကိုယုံလား? ယုံတဲ့သူငယ်ချင်းတွေရော..

မယုံတဲ့သူငယ်ချင်းတွေရော...ဖတ်ကြည့်ကြပါနော်..ဟဲဟဲ
သူငယ်ချင်းတို့ရေ... ကိုယ့်ရဲ့ကံတရားကို သိချင်တယ်ဆိုရင်တော့...

ဆေးတက္ကသိုလ်(မကွေး)က သူတွေရေးထားတာ...
ဘယ်လိုကြည့်ရမလဲဆိုတာ ပြောပြမယ်... ကိုယ့်ရဲ့ မွေးရက်ကို
ဂဏန်းတစ်လုံးတည်းဖြစ်အောင်ပေါင်းပါ.....
ဥမပါ... (အဲလေ..မှားလို့).. ဥပမာ.. သင်သည် ၁၂ ရက်နေ့တွင်မွေးပါက ၃
ဂဏန်းဇာတာရှင်ဖြစ်သည်။ (ဟဲဟဲ.. ဗေဒင်ဆရာလေသံနဲ့ပြောကြည့်တာ...)
ကဲ.. ကိုယ့်ရဲ့ ကံကြမ္မာဘယ်လိုလာမလဲဆိုတာ ကြည့်ကြရအောင်နော် .. ငယ်ချင်းတို့... ဟဲဟဲ


၁ ဂဏန်းသမားများ
သင်သည် တစ်ဘ၀လုံး သူများတစ်ကာ၏ တစ်တစ်ခွခွဆဲဆိုခြင်းကိုခံရတတ်သည်။
တစ်ကိုယ်ရေတည်း နေထိုင်ရတတ်သည်။ တစ်လောကလုံးက တစ်ဖက် ကိုယ်ကတစ်ဖက် ဖြစ်နေတတ်သည်။
ပညာရေး - စာမေးပွဲကို တစ်တန်းတစ်ခါကျဖြင့် ဖြေရလောက်အောင် ထူးချွန်ပြောင်မြောက်မည်။
စီးပွားရေး - တစ်ရက်တစ်ခါ နေရာပြောင်း တောင်းစားရမည်။
အချစ်ရေး - အိမ်ထောင်ရှိသူ ကလေး တစ်ယောက် အဖေ (သို့မဟုတ်) အမေ နှင့် ဖူးစာဆုံရတတ်သည်။
ယတြာ - သစ်တစ်ပင်ပင်၏ အောက်တွင် တစ်ကိုယ်လုံးတွင် အ၀တ်အစား မပါပဲ လက်ညှိုးတစ်ချောင်းထောင်ပြီး
တစ်လောက လုံးတွင်ငါတစ်ယောက်တည်း ဟု တစ်ကြိမ်ကျယ်ကျယ်အော်ပေးပါ။

၂ ဂဏန်းသမားများ
သင်သည် ဤနှစ်ဝယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း၊
နှာပွခြင်းတို့ကို နှစ်ရှည်လများ ခံစားရပေအံ့။
ပညာရေး - နှစ်နှစ်ခြိုက်ခြိုက် အိပ်ခြင်းပညာကို လေ့လာရတတ်သည်။
စီးပွားရေး - နှစ်ရှည်လများက အကြွေးများကိုပြန်ရကိန်းရှိသည်။
အချစ်ရေး - နှမချင်းမစာနာတတ်သူ၏ ဆွဲလားရမ်းလားလုပ်ခံရတတ်သည်။
ယတြာ - မိမိနှာခေါင်းနှစ်ပေါက်ကို လက်နှစ်ချောင်းဖြင့်ပိတ်၍
အချစ်ဆုံးသူငယ်ချင်းကို မျက်နှာချင်းဆိုင်ကြည့်ကာ " နင့်သတင်းတွေ
ငါကြားနေရတယ် " ဟု မဲ့ကာရွဲ့ကာဖြင့် မာန်ပါပါပြောပါလေ။

၃ ဂဏန်းသမားများ
ကိုယ့်ကိုယ်ကို သုံးမရဘူးဟုထင်ပြီး စိတ်ဓါတ်ကျနေတတ်သည်။ သံစူးခြင်း၊
သန်းတွယ်ခြင်း၊ သေးမထွက်ခြင်းတို့ကို ခံစားရတတ်သည်။
ပညာရေး - အသုံးမကျအောင်နေထိုင်နည်းကို ဆရာသမားသုံးဦးမှ လမ်းညွှန်တတ်သည်။
စီးပွားရေး - သူခိုးခိုးခံရတတ်သည်။ တန်ဖိုးရှိပစ္စည်းကို ပစ္စလတ်ခတ်သိမ်းထားပါ။
အချစ်ရေး - သုံးပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်တတ်သည်။
သုံးဘီးကားမောင်းသူတစ်ဦးနှင့် ဖူးစာဆုံတတ်သည်။
ယတြာ - တစ်ကိုယ်လုံးဆေးနီတို့ပါ။ ပြီးလျှင် လမ်းသုံးခွဆုံရာသို့သွား၍
ခြေတစ်ဖက်ကို ထောက်ရပ်ကာ
လက်နှစ်ဖက်ကိုလေထဲသို့ဆန့်တန်းပြီးခေါင်းငိုက်စိုက်ချထားပါ။
လည်ပင်းတွင်အောက်ပါ ဂမ္ဘီရအနောက်တိုင်းအင်းချပ်ကိုဆွဲထားပါ။
လူတကာ၏မေတ္တာစေတနာကို ခံစားရပါလိမ့်မည်။
HIV (+)


၎ ဂဏန်းသမားများ
လက်အောက်ငယ်သားများ၏ မလေးမခန့်လုပ်ခြင်းကို အောင့်သက်သက်ခံရတတ်သည်။
လိပ်ခေါင်းထွက်ခြင်း၊ လက်တုန်ခြင်း၊ လှုပ်မရခြင်းတို့ဖြစ်တတ်သည်။
ပညာရေး - လစ်လျှင်လစ်သလိုကြိုးစားပါ။
လွယ်လွယ်ကူကူအောင်မြင်ပါလိမ့်မည်။ လေးစားအောင်နေ၍
ကွယ်ရာတွင်မဟုတ်တာမှန်သမျှလုပ်သောပညာရပ်ကို သင်ကြားရတတ်သည်။
စီးပွားရေး - အလစ်သုတ်ခံရတတ်သည်။ ဈေးဝယ်လျှင် အလေးခိုးခံရတတ်သည်။
အချစ်ရေး - လေးလုံး(မျက်မှန်တပ်သူ) တစ်ဦးနှင့် ဖူးစာဆုံတတ်သည်။
မုဆိုးဖို၊ မုဆိုးမတစ်ဦး၏ လေးစားစွာဖြင့် ချစ်ခွင့်တောင်းခံရတတ်သည်။
ယတြာ - လစ်ပိုတစ်လုံးသောက်ပြီး လိပ်ဥ(၄၄)လုံးစားကာ
လေးထပ်တိုက်ပေါ်မှနေ၍ လေးဘက်ထောက်၍ " အားလုံးကို လေးစားပါတယ် " ဟု
အသံဝါကြီးဖြင့်လေးကြိမ်တိတိအော်ပါ။

၅ ဂဏန်းသမားများ
ဘ၀တစ်သက်တာတွင် ရေလိုက်ငါးလိုက်အနေရဆုံးဖြစ်သည်။
အမြင့်ရောက်ကိန်းရှိသည် ( ဥပမာ- ငါးထပ်တိုက်ပေါ်)။
ပညာရေး - ငါးပါးသီလကို စနစ်တကျချိုးဖောက်သော ပညာရပ်ကိုတတ်မြောက်လိမ့်မည်။
စီးပွားရေး - ငါးစိမ်းသည်အလုပ်ဖြင့် အကျိုးပေးမည်။
အချစ်ရေး - ငှက်ဆိုးထိုးသံကဲ့သို့ အသံရှိသူနှင့်ဖူးစာဆုံတတ်သည်။
ငါးခူပြုံးပြုံးတတ်သူ ငါးဦး၏ အီစီကလီလုပ်ခြင်းကို ငါးရက်ခန့်
သည်းခံရတတ်သည်။
ယတြာ - ငါးကြော်ဝယ်စားပြီး ငါးယောက်မြောက်တွေ့သည့်ကောင်မလေးကို
ငါးမန်းအကြည့်ဖြင့်ကြည့်၍ "ကကြီးဖင်မှာ ပွေးတွေနဲ့၊ ခခွေးဖင်မှာ
ပွေးတွေနဲ့၊ " ဟူ၍ "က"မှ "င" အက္ခရာအထိဆိုပါ။ လက်တွေ့ဆိုကြည့်ပါ။
ထူးခြားပါလိမ့်မည်။

၆ ဂဏန်းသမားများ
ခြောက်သွေ့စွာ အထီးကျန်ဖြစ်နေတတ်သည်။ ယောက်ျားစင်စစ်မှနေ၍
ခြောက်သွားခြင်း၊ ခြုံးပွဲချငိုချင်နေခြင်းတို့ဖြစ်တတ်သည်။
ပညာရေး - ခြုံးခြုံးကျလောက်အောင် ကြိုးစားပါ။ ချက်ချင်းအောင်မြင်မည်။
နတ်ကတော်သင်တန်း၊ အလှဖန်တီးရှင်သင်တန်းကိုတက်ရတတ်သည်။ ခြောက်လှန့်၍
ညာစားသောပညာရပ်များတတ်လွယ်သည်။
စီးပွားရေး - စီးပွားရေးကံကောင်းနေပြီဖြစ်၍ ခြင်းတောင်းရက်ခြင်း၊
ခြင်ထောင်ချုပ်ခြင်း၊ ခြင်ဆေးခွေထုတ်လုပ်ခြင်းစသည့်လုပ်ငန်းများမှ
အူခြောက်လောက်အောင် အမြတ်ရရှိမည်။ အကောင်းများပြေပျောက်၍
အဆိုးများရောက်လာပါလိမ့်မည်။
အချစ်ရေး - ခြောက်နေသောချစ်သူနှင့် ခြောက်ရက်ကြာစကားများရတတ်သည်။
တက်မတတ်၊ ချက်မတတ်ငိုတတ်သူတစ်ဦးနှင့် ဖူးစာဆုံတတ်သည်။ ချစ်သူ၏
နာကျည်းမှုဖြင့် ခြောက်လုံးပြူးနှင့် အပစ်ခံရတတ်သည်။
ယတြာ - ချုံထဲတွင် ချိန်းတွေ့နေသာ ချစ်သူနှစ်ဦး၏ကြားထဲသို့
၆ကျပ်သားခန့် ရှိသော ချီးထုပ်ကိုပစ်ထည့်ပြီး "အချား.. အချား" ဟု အော်၍
အာခြောက်သည်အထိ ပြေးပါ။

၇ ဂဏန်းသမားများ
အခွန်မဆောင်နိုင်သဖြင့် အဖမ်းခံရတတ်သည်။ မျက်ခွံဖွင့်မရခြင်း၊
ခွံ့ကျွေးမှစားနိုင်ခြင်း၊ ခါးနာခြင်း၊ ခွက်လက်ဆွဲချင်စိတ်ပေါက်နေခြင်း၊
ခုနှစ်ရက်သားသမီး၏ သတ်ပစ်ချင်လောက်အောင် မေတ္တာထားခြင်းကို ခံရတတ်သည်။
ပညာရေး - ခိုးချမရဖြစ်တတ်သည်။ ခိုးကူးနေစဉ် အခန်းစောင့်ဆရာမမှ
လက်ပူးလက်ကြပ်မိတတ်သည်။ ခုနှစ်ရက်သားသမီးကို ဒုက္ခပေးသော အတတ်ကိုရတတ်သည်။
အချစ်ရေး - ခုနှစ်သက္ကရာဇ်တူတူ မွေးဖွားသူနှင့် ဖူးစာဆုံရမည်။
ချစ်သူ၏အနှစ်မပါသော အခွံစကားများကို ငြီးငွေ့လာမည်။ ခွက်ထိုးခွက်လန်
ရယ်တတ်သူတစ်ဦးကို တိတ်တခိုး ချစ်မိလာတတ်သည်။
ယတြာ - ခုံပေါ်တက်၍ ခါးတောင်းကို မြှေုာက်အောင်ကျိုက်ပြီး မယ်ဒလင်တီးကာ
အက်ဆစ်အဖွဲ့၏ အခန်း(၇) သင်ခန်းစာသီချင်းကို
တွံတေးစိုးအောင်ကီးဖြင့်ဆိုပါ။

၈ ဂဏန်းသမားများ
ယခုနှစ်လုပ်သမျှ တလွဲဖြစ်လာမည်။ အသည်းရောင်ဘီပိုးစစ်၍ negativeပြရာ
ဝမ်းသာနေစဉ် HIV positive ၀င်ကြောင်းသတင်းကြားရတတ်သည်။ ချစ်သူထံမှ
အဖြေရသည့်နေ့တွင် ကိုယ့်ချစ်သူကို မိမိထက်ပိုချစ်သူက ကားတင်ပြေးတတ်သည်။
ပညာရေး - ရှစ်ပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ ခဏခဏပြင်ဝတ်တတ်သော အကျင့်ရမည်။
စီးပွားရေး - ရှဥ့်မွေးမြူရေးလုပ်ငန်းမှ အမြတ်ရတတ်သည်။
ခြေရှစ်ချောင်းရှိသော သတ္တ၀ါများ(ဥပမာ-ဂဏန်း၊ ပင့်ကူ) စသည်တို့ကို
သိပ္ပံနည်းကျ မွေးမြူရင်း သန်းပေါင်းများစွာ(ဆံပင်ထဲတွင်) ချမ်းသာမည်။
အချစ်ရေး - အရှက်မရှိသူတစ်ဦး၏ ရှိခိုးကာ ချစ်ခွင့်တောင်းခံရတတ်သည်။
ရှုပ်ပွေသောချစ်သူကြောင့်စိတ်ညစ်ရတတ်သည်။
ယတြာ - ချစ်သူကို ဥသျှစ်သီးကျွေးပြီး ရှိခိုးကာ ရှက်ပြုံးပြုံး၍
"shit" ဟု ရက်ရက်စက်စက်အော်ပါ။

၉ ဂဏန်းသမားများ
န၀င်းသမားများအဖို့ ယခုနှစ်ဂမ္ဘီရဆန်သော အဖြစ်အပျက်များနှင့်
ကြုံရတတ်သည်။ အထက်မှ ပုဂိုလ်များ(ထန်းတက်သမား၊ ပန်းရံ) တို့၏
လာရောက်ဆက်သွယ်မှုကိုခံယူရမည်။ ဓါတ်စီးသူကို ထိမိ၍ဓါတ်လိုက်သည်။
ဓါတ်တိုင်ပေါ်မှ ဓါတ်မီးသီးသည် သင့်ခေါင်းပေါ်သို့ ဒုတ်ဒုတ်ထိကျတတ်သည်။
ပညာရေး - ကိုးကွယ်ရာမရှိဖြစ်ပြီး စာမေးပွဲကျတတ်သည်။
ပတ်ဝန်းကျင်မကောင်း၍ ကံအကြောင်းမလှဖြစ်တတ်သည်။ ကုန်းကုန်းကွကွလုပ်ရသော
ပညာရပ်ကို သင်ကြားရတတ်သည်။
စီးပွားရေး - ကုန်သမျှ ပြန်ရမည်။ ရသမျှ ပြန်ကုန်သည်။
အချစ်ရေး - ကွက်စိတ်ဆရာတစ်ဦးနှင့်
အိမ်ထောင်ရက်သား(ရက်ပိုင်းမျှသာ)ကျတတ်သည်။
ကွက်ကြည့်ကွက်ကြည့်လုပ်တတ်သူတစ်ဦးကြောင့် ရင်ခုန်ရတတ်သည်။
ယတြာ - ကိုကာကိုလာ သောက်နေသူတစ်ဦးကို ကတ္တရာစေးဖြင့်သုတ်၍
"ကိုးကွယ်ပါ၏" ဟုပြောကာ ကျောကုန်းကို ကုတ်ပေးပါ။

အေးချမ်းစွာရှင်သန်ခြင်း

တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်။ အဲဒီဘုရင်ဟာ သူ့ဥယျာဉ်ထဲမှာရှိတဲ့ ပန်းပင်တွေ၊

သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်။ သူဟာ ဥယျာဉ်ထဲရောက်တဲ့ အခါတိုင်း အပင်တွေကို အရမ်းပွင့်၊

အရမ်းသီးခိုင်းလေ့ ရှိတယ်။ တစ်နေ့မှာ သူဟာ ဥယျာဉ်ကြီးထဲကို ရောက်သွားတယ်၊ ၀က်သစ်ချပင်ကြီးဟာ ညှိုးပြီး

ခြောက်သွေ့ နေတယ်၊ အဲဒီတော့ "ဘာဖြစ်တာလဲ" လို့ သူက မေးလိုက်တယ်၊ ၀က်သစ်ချပင်ကြီးက

"ဘယ်လိုဖြစ်ရမှာတုံး၊ ကျုပ်က ထင်းရှူးပင်ကိုတုပြီး အပေါ်ကို တက်တော့ ထင်းရှူးပင် မဟုတ်လေတော့

အမြစ်အားက မခံနိုင်တော့ သေရတာပေါ့"။ အဲဒါနဲ့ ထင်းရှူးပင်ဆီကို သွားပြန်တော့ ထင်းရှူးပင်ကြီးက

ကိုင်းပြီးကွေးကျနေတယ်။ အဲဒီတော့ ထင်းရှူးပင်ကြီးကို "ဘယ်လိုဖြစ်တာလဲ" လို့ဘုရင်ကြီးက မေးလိုက်ပြန်တယ်။

အဲဒီတော့ ထင်းရှူးပင်ကြီးက "ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျပြီး အသီးတွေ အရမ်းသီးလိုက်တယ်၊ စပျစ်ပင်
မဟုတ်လေတော့ မခံနိုင်တော့ဘဲ အခုလို အရမ်း ကွေးသွားတာပေါ့" လို့ပြောတယ်။ စပျစ်ပင်ကြီးကလည်း

သေမလိုဖြစ်နေတယ်၊ "ဘယ်လိုဖြစ်တာလဲ" လို့မေးတော့ "ကျုပ်က နှင်းဆီပင် ကို အားကျပြီး သူလို လိုက်ပွင့်တာဗျို့၊

အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး၊ နှင်းဆီပန်းလဲ မပွင့်တော့ပဲ အခုလို သေလုမျောပါး ဖြစ်သွားရတာပဲ"

လို့ပြောပြန်တယ်။ အဲဒီမှာ ဘုရင်ကြီးက ဆက်ပြီးလျှောက်သွားတဲ့ အခါမှာ အပင်လေးတစ်ပင်ကို တွေ့တယ်။ အပင်က
သိပ်မကြီးပါဘူး။ အရွက်လေးတွေ အကိုင်းအခက်လေးတွေလည်း စိုစိုပြေပြေနဲ့၊ အပွင့်က ရနံ့လေးတွေကလည်း

သင်းပျံ့လို့၊ အဲဒီအပင်ရဲ့ နာမည်က Heart's Ease (နှလုံးအေးချမ်း ပန်း) လို့ခေါ်လေ့ ရှိတဲ့ အပင်လေးပါပဲ။

ဘုရင်ကြီးက အဲဒီအပင်လေးကို ကြည့်ပြီး "ငါ့ရဲ့ ဥယျာဉ်တစ်ခုလုံး မှာရှိတဲ့ အပင်တွေ သေတာတွေ သေကုန်ပြီ၊

တချို့လည်း သေလုမျောပါ ဖြစ်နေပြီ။ နှလုံးအေးချမ်းရယ်… မင်းကတော့ ရှင်သန်စိုပြေလို့ ပါလား… ဘာကြောင့်လဲ"

လို့မေးလိုက်တယ်။ အဲဒီမှာ အပင်ကလေးက ဘာပြန်ပြောသလဲ ဆိုတော့ "အသင်မင်းကြီး ကျွန်ုပ်ကို ဒီဥယျာဉ်မှာ

စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်… ၀က်သစ်ချပင်လို မဖြစ်စေချင်ဘူး…

ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ဘူး… အဲဒီလိုပဲ ထင်းရှူးပင်မြင့်မြင့်ကြီးတွေကို လည်း အားမကျခဲ့ဘူး…

အသီးတွေပြွတ်နေအောင်သီးတဲ့ စပျစ်ပင်ကိုလည်း အားမကျခဲ့ဘူး… အပွင့်ကြီးတွေ ဝေဆာနေတဲ့

နှင်းဆီပင်ကိုလည်း အာမကျခဲ့ဘူး… နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ နေခဲ့တယ်… နှလုံးအေးချမ်းလိုပဲ

ရှင်သန်ခဲ့တယ်… အားကျပြီး ဘာကိုမှမလုပ်ခဲ့ဘူး… ဒါကြောင့် နှလုံးအေးချမ်း အဖြစ်နဲ့ပဲ

ရှင်သန်ရပ်တည်နေနိုင်တာပေါ့ … တခြားဘာမှမဟုတ်ဘူး" လို့ပြန်ပြီးပြောလိုက်တယ်… .


ကဲဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကလည်းရှင်းလှပါတယ်နော် .... သူတဖက်သားကို အတုယူပြီးအားကြပြီး လိုက်တုတာ မကောင်းသောအကြင့်လို့ မဆိုလိုနိုင်ပေမဲ့ .... မတုရင် တုလို့ မရတာတွေ အများကြိီးပါရှင် .. ဒါကြောင့် ကိုပိုင်ဆိုင်တဲ့ အရည်ချင်း ကိုရထားတဲ့ ဘ၀ကိုသာ ပိုမိုကောင်းမွန်အောင် ကြိုးစားမယ်ဆိုရင် ... ဒီပုံပြင်လေးထဲက နှလုံးအေးချမ်း အပင်လေးလို့ပဲ နှလုံးအေးချမ်းစွာ ရှင်သန်ရပ်တည်နေနိုင်မှာပါ ရှင် ...

ဒီပုံပြင်လေးကတော့ ဟာသလေးနဲ့ ဆုံးမထားတဲ့ ရိုးရိုးရှင်းရှင်းပုံပြင်လေးပါ ပဲရှင် .. လွယ်ကူလွန်းတဲ့ အတွက်သဘောပေါက်လဲ လွယ်ကူလှပါတယ် ဖတ်ကြည့်ကြအုံးနော် ...

ကိုယ့်ကိုကိုယ် အရင်ပြင်

တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို လာတယ်။
"ဂန္ဒီကြီး… ကျွန်မသားလေး က အချိုတွေ သိပ်စားတယ်။ ကျွန်မလဲပြောတာပဲ… မရဘူး။ ကလေးက စားမြဲ စားတာပဲ။ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံးရှင့်" ဆိုပြီး လာပြောတယ်။
ဂန္ဒီကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ "နောက် တစ်လလောက် နေမှ ပြန်လာခဲ့" လို့ပြောလိုက်တယ်။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီး နဲ့ သူ ကလေး ပြန်ရောက်လာပြန်တယ်။
အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ကြည့်လိုက်ပြီး "သားလေး… အချိုတွေ သိပ်မစားနဲ့" လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။
အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး "ဟုတ်ကဲ့" လို့ပြောလိုက်တယ်။
အဲလိုနဲ့ ကလေး အမေက "ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင်လတည်းက ပြောလိုက်ရောပေါ့" လို့ပြန်ပြောလိုက်မိတယ်။
အဲဒီတော့မှ ဂန္ဒီကြီးက "ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်… ဒါပေမယ့် အရင်တလက စပြီး ငါအချိုတွေ မစားတော့ဘူး… ရှောင်လိုက်ပြီ… ဒီကလေးကို အချိုမစားနဲ့ လို့ ဆုံးမဖို့ ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူ ဖြစ်ရမယ်။"

ကဲ ... ဘယ်လိုလဲ သူငယ်ချင်းတို့ ရေ ... ပုံပြင်လေးကပြောထားတာတော့ ရှင်းရှင်းလေးပါပဲ ... သူများကို ဆုံးမပြုပြင်ပေးချင်ရင် အရင်ဆုံးကိုကိုတိုင်လည်းပြန်ဆုံးမပြူပြင်ထားပို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းလေးပေါ့ရှင်..

အသည်းကွဲသူ

တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို "ဆိုကရေးတီး"ကတွေ့တော့ "ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်းပက်လက် ငိုကြွေးနေသလဲ" လို့ မေးလိုက်တယ်။

အသည်းကွဲသူက "ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုထားသွားလို့ အရမ်းခံစားရနေတယ်" လို့ ပြန်ဖြေတယ်။ သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးက တဟားဟား အော်ရယ်ပြီး "မင်း တော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။

အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး "ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင် ရီနေရသလား" လို့ ပြောတော့ "မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့ လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို ဆုံးရှုံးတဲ့အပြင် လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့ ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။

ဒေါသ

တစ်နေ့မှာ နာမည်ကြီးဖာသာတစ်ဦးဟာ ပန်းခြံထဲမှာထိုင်ပြီး ရိုသေကိုင်းရှိုင်းစွာ ဆုတောင်းဝတ်ပြုနေတယ်။ အဲဒီအချိန်မှာ ကလေးပျောက်လို့ လိုက်ရှာနေတဲ့ အမျိုးသမီးတစ်ဦး ထိတ်ထိတ်ပြာပြာနဲ့ အနားကဖြတ်ပြေးသွားတယ်။ အမျိုးသမီးဟာ ကလေးဇောကြောင့် မြေကြီးပေါ်မှာထိုင်ပြီး ဆုတောင်းနေတဲ့ ဖာသာကိုမမြင်ဘဲ တိုက်လိုက်မိတယ်။ ဒါပေမယ့် ဖာသာကို တောင်းပန်စကား တစ်ခွန်းမှမပြောဘဲ ထွက်သွားခဲ့တယ်။

အတိုက်ခံရတဲ့ ဖာသာဟာ ဒေါသစိတ်ဖြစ်မိတယ်။ ၀တ်ပြုပြီးတဲ့နောက် ကလေးငယ်ကိုတွဲပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လာနေတဲ့ သူ့ကိုတိုက်သွားတဲ့ အမျိုးသမီးကို မြင်တော့ "ခုနားက မင်းအပြုအမှုကို ရှင်းပြစမ်းပါဦး" လို့ မေးလိုက်တယ်။ ဒေါသတကြီးပြောလာတဲ့ ဖာသာကိုမြင်တော့ အမျိုးသမီးဟာ အနည်းငယ် ထိတ်လန့်သွားခဲ့တယ်။ ပြီးမှ "ခွင့်လွတ်ပါဖာသာ.. အခုနားက ကျွန်မကလေး တစ်ခုခုဖြစ်နေလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဖာသာကို သတိမထားလိုက်မိဘူး။ အဲအချိန်တုန်းက ဖာသာလည်း ၀တ်ပြုဆုတောင်းနေတာပဲ မဟုတ်လား? ဆုတောင်းတာကလည်း သတ္တ၀ါအားလုံး အေးချမ်းကျန်းမာဖို့ပဲ မဟုတ်လား..? ဖာသာ ဘာဖြစ်လို့ ကလေးဇောနဲ့ စိုးရိမ်ပူပန်နေတဲ့ကျွန်မကို မမြင်ခဲ့တာလဲ" လို့ ပြန်ပြောလိုက်တယ်။